News

POST TYPE

LATEST NEWS POST

ဂျိုးဖြူရေပိုက်လိုင်းများတွင် မစင်ပြန့်ပွားခြင်းမရှိဟု စည်ပင်ဆို
22-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရန်ကုန်မြို့က ဂျိုးဖြူရေပိုက်လိုင်းများတွင် မစင်များ ပြန့်ပွားနေသည်ဟုဆိုခြင်းမှာ မှန်ကန်မှုမရှိဘဲ ရေပေးဝေသည့် ပိုက်လိုင်းများမှာ မိလ္လာလိုင်းနှင့် တခြားစီ သွယ်တန်းထားခြင်းကြောင့် ရေဆိုးများ ဝင်ရောက်ခြင်း မရှိနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ဌာနမှူး ဦးအောင်ဆန်းဦးက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် လစဉ် ရေပေးဝေနေသည့် ရေလှောင်ကန်ကြီးများမှ ရေ၏အရည်အသွေးကို ပုံမှန်စစ်ဆေးလျက်ရှိပြီး ရေပေးဝေနေသည့် ရေပိုက်များကိုလည်း တောက်လျှောက် စစ်ဆေးလျက်ရှိကြောင်းနှင့် ဂျိုးဖြူရေပိုက်လိုင်းများတွင် မစင်များ ပြန့်ပွားနေသည်ဟု ဆိုသည့်သတင်းနှင့် ပတ်သက်၍ တစ်ပတ်အတွင်း ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“သတင်းက အတိအကျကြီး မမှန်ပါဘူး။ ရန်ကုန်မြို့ကို ဂျိုးဖြူရေပိုက် တစ်ခုတည်းက ပေးတာမဟုတ်ပါဘူး။ ရေလှောင်ကန် အများကြီးကနေ ရေပေးဝေတာပါ။ ကျွန်တော်တို့ ပိုက်တွေက မီးလာတဲ့အချိန်မှာ Pressure နဲ့ မောင်းနေတာဖြစ်တဲ့အတွက် ရေပေးဝေနေတဲ့အချိန်မှာ ဝင်စရာ အကြောင်းမရှိပါဘူး။ မိန်းပိုက်ကြီးတွေကလည်း ပေါက်တာနဲ့ပြင်တာဖြစ်တဲ့အတွက် ဒါမျိုးတွေကတော့ မရှိနိုင်ပါဘူး”ဟု အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ဌာနမှူး ဦးအောင်ဆန်းဦးက ဆိုသည်။

အများပြည်သူများအနေနှင့်လည်း မိမိတို့အိမ်သို့ ဆက်သွယ် သွယ်တန်းထားသည့်ရေပိုက်လိုင်းများ ပေါက်နေပါက အချိန်နှင့်တစ်ပြေးညီ စစ်ဆေးကာ ပြင်ဆင်ရန် လိုအပ်ပြီး အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)ထံသို့ ဆက်သွယ်ပါက ဝိုင်းဝန်းပြင်ဆင်ပေးနေကြောင်း အဆိုပါဌာနထံမှ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းတွင် မြို့နယ်ပေါင်း ၃၃ မြို့နယ်ရှိပြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်မှလွဲ၍ ကျန်သည့် ၃၁ မြို့နယ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာ ကော်မတီ၏ ရေလှောင်ကန်များမှ ရေပေးဝေလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ထံမှ သိရသည်။

ရန်ကုန်မြို့က ဂျိုးဖြူရေပိုက်လိုင်းများတွင် မစင်များပြန့်ပွားနေသည်ကို တွေ့ရသည်ဟု အသည်း အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်ဝင်းက ၅ ကြိမ်မြောက် မြန်မာနိုင်ငံ အစာအိမ်အူလမ်းကြောင်းနှင့်အသည်း အပြည်ပြည်ဆိုင်ရာ ဆေးသိပ္ပံညီလာခံ၊ အာရှအသည်းရောဂါ ညီလာခံကျင်းပနေစဉ် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

“ဖေဖော်ဝါရီ ၂၁ ရက်နေ့က Facebook စာမျက်နှာပေါ်မှာ ရန်ကုန်မြို့က ဂျိုးဖြူရေ ပိုက်လိုင်းတွေမှာ မစင်တွေပြန့်ပွားနေတယ်။ မစင်မှာပါတဲ့ရေက အသည်းရောင် အသားဝါအီးပိုးကူးစက်ရင် ကိုယ်ဝန်ဆောင်တွေအတွက် အန္တရာယ်ရှိတယ်လို့ ဖတ်လိုက်ရတော့ ဂျိုးဖြူရေ သုံးနေတော့ ကြောက်သွားတယ်။ ဒီသတင်းက မှန်ကန်မှု ရှိလား၊ မမှန်ကန်လားပေါ့။ မဟုတ်ဘူးဆိုရင်တော့ ကောင်းပါတယ်”ဟု လသာမြို့နယ်တွင် နေထိုင်သူ ကိုသန်းရွှေကဆိုသည်။

J-10