News

POST TYPE

LATEST NEWS POST

နိုင်ငံတော်သမ္မတ၏ အရေးပေါ်ရန်ပုံငွေမှ ကျပ် ၂၆ ဘီလီယံကျော် သုံးစွဲမှု လွှတ်တော်မှတ်တမ်းတင်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ ဝန်ကြီး၊ ဒုတိယဝန်ကြီးများ ခန့်ထားသည့် ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနသုံးခုသည် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ နိုင်ငံတော်သမ္မတ၏အရေးပေါ်ရန်ပုံငွေမှ ကျပ် ၂၆၀၁၁ ဒသမ ၁၃၁ သန်း( ၂၆ ဘီလီယံကျော်) သုံးစွဲထားခြင်းကို ဖေဖော်ဝါရီ ၂၂ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာလိုက်သည်။

ဌာနသုံးခုမှ ပြည်ထဲရေးဝန်ကြီး ဌာနက ကျပ်သန်း ၂၀၀၀၀ (၂၀ ဘီလီယံ)၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကျပ်သန်း ၄၉၈၉ ဒသမ ၆၉၄ သန်း(၅ ဘီလီယံခန့်)နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ကျပ် ၁ဝ၂၁ ဒသမ ၄၃၇ သန်း(၁ ဘီလီယံကျော်) ကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သုံးစွဲခဲ့ခြင်းကြောင့် လွှတ်တော်က မှတ်တမ်းတင်ပေးနိုင်ရန် ဌာနသုံးခုမှ ဒုတိယဝန်ကြီးများက လာရောက်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ပြည်ထဲရေး ဝန်ကြီးဌာနအနေနှင့် ရခိုင်ပြည်နယ်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ၁၅ မိုင်ခန့်ကို အရေးပေါ် လိုအပ်ချက်အရ ကာရံခြင်းကြောင့် အထက်ပါအတိုင်း သုံးစွဲရခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းပြခဲ့သည်။

ယင်းအပြင် ကာကွယ်ရေးဝန်ကြီး ဌာနအနေနှင့် ၂၀၁၇ မေလ ၂၉ ရက်က တိုက်ခိုက်ခဲ့သည့် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် စစ်တွေ၊ ကျောက်တော်၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များရှိ တပ်နယ်များမှ အပျက်အစီးများကို အချိန်မီ ပြန်လည် တည်ဆောက်ခဲ့ရကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောသည်။

ရာသီဥတုဖောက်ပြန်မှုသည် ကြိုတင် မမျှော်မှန်းနိုင်သည့်ကိစ္စရပ်ဖြစ်သောကြောင့် ဘတ်ဂျက်လျာထားမှု မရှိသောကြောင့် စစ်ဆေးရေးဘုတ်အဖွဲ့နှင့် စိစစ်တွက်ချက်၍ အရေးပေါ် ရန်ပုံငွေမှ ၄၉၈၉ ဒသမ ၆၉၄ သန်း ကိုတောင်းခံ သုံးစွဲရခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေနှင့်လည်း မောင်တောမြို့နယ်အတွင်းရှိ ငါးခူရနယ်မြေရုံး စေတီပြင်လမ်းဆုံ ၅ မိုင် ၁ ဖာလုံနှင့် ကျီးကန်းပြင်လမ်းဆုံ ၆ မိုင် ၃ ဖာလုံ စုစုပေါင်း ၁၁ မိုင် ၄ ဖာလုံကို ကျောက်လမ်းအဖြစ် အရေးပေါ် ခင်းပေးရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ကော်မတီမှ ညှိနှိုင်းလာသဖြင့် ကျပ် ၁၀၂၁ ဒသမ ၄၃၇ သန်းကို တောင်းခံသုံးစွဲရခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်ကဆိုသည်။

ယင်းသုံးစွဲငွေများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး အထက်ပါဒုဝန်ကြီးသုံးဦးက ဖေဖော်ဝါရီ ၂၂ ရက်က ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် လာရောက်ရှင်းပြခဲ့ ခြင်းဖြစ်သည်။  

S-01