News

POST TYPE

LATEST NEWS POST

မုံရွာတွင် ကလေးငယ် ၂၀၀ ခန့်ကို သက်မွေးပညာ သင်ကြားပေးရန်စီစဉ်
22-Feb-2018


မုံရွာ၊ ဖေဖော်ဝါရီ ၂၂ 

ဆင်းရဲနွမ်းပါးသည့် မိသားစုများမှ ကလေးငယ် ၂၀၀ ခန့်ကို အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးနိုင်ရန် စီစဉ်နေကြောင်း Poor Care Team မှ ဦးဆောင်ဆရာတော်က မိန့်ကြားသည်။ 

ယင်းသင်ကြားမှုကို Poor Care Team ပရဟိတအဖွဲ့က ပြုလုပ်ခြင်းဖြစ်ကာ မုံရွာတက္ကသိုလ်မှ ပရဟိတလူငယ်များ ပါဝင်၍ သပြေအေး ဆရာတော် ဦးသောပါကက ဦးဆောင်ခြင်းဖြစ်သည်။ 

“သင်ကြားပေးဖို့ စီစဉ်နေတယ်။ KG တန်းကနေ အရွယ်စုံ ကလေး၂၀၀ လောက်ရှိမယ်။ သူတို့ ဝါသနာပါရာတွေကို သင်ပေးမယ်”ဟု ယင်းမာပင်မြို့နယ် သပြေအေးရွာမှ ဆရာတော် ဦးသောပါက က မိန့်ဆိုသည်။

အဆိုပါ အစီအစဉ်တွင် လာရောက်သင်ကြားမည့် ကလေးငယ်များမှာ ထန်းတော် အင်းစပ်၊ နန္ဒဝန်နှင့် ဆယ်ပေဂျောင်တို့တွင် နေထိုင်ပြီး ဆင်းရဲချို့တဲ့ကာ ပညာလိုလားသော ကလေးများဖြစ်ကြောင်းနှင့် လေလွင့်ကလေးငယ်များလည်း ပါဝင်ကြောင်း စီစဉ်သူများထံမှ သိရသည်။

ယင်းကလေးငယ်များမှာ KG တန်းမှ ကိုးတန်းအထိ ကျောင်းသားလေးများဖြစ်ကာ လက်ရှိတွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ ပန်းချီတို့ကို သင်ပေးနေပြီး အသက်မွေးပညာအဖြစ် မိန်းကလေးများအတွက် စက်ချုပ်မှစ၍ သင်တန်းဆရာများခေါ်ကာ သုံးမျိုးခန့် သင်ကြားပေးရန် စီစဉ်နေဆဲဖြစ်ကြောင်း မုံရွာတက္ကသိုလ်မှ ကိုကောင်းကျော်ကိုက ပြောကြားသည်။

R-08