News

POST TYPE

LATEST NEWS POST

တက္ကစီသမား ရိုက်လုသည်ဟု ဇာတ်လမ်းဆင်သည့် ထိုင်းအမျိုးသမီး တရားစွဲခံရ
22-Feb-2018 tagged as ထိုင်း


ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၂

ဗုဒ္ဓဟူးနေ့ နံနက်တွင် တက္ကစီသမားက တိုက်ခိုက်ပြီး ပိုက်ဆံလုသည်ဟု ဇာတ်လမ်းဆင်တိုင်ကြားသည့် အသက် ၂၆ နှစ်အရွယ် အမျိုးသမီးကို သတင်းအမှား တိုင်ကြားသည့်အမှုဖြင့် တရားစွဲဆိုရန် ထိုင်းရဲတပ်ဖွဲ့က စီစဉ်နေသည်ဟု ဘန်ကောက်ပို့စ် သတင်းဌာနတွင် ဖော်ပြသည်။

ဗုဒ္ဓဟူးနေ့ နံနက် သုံးနာရီဝန်းကျင် ရက်ချာဒါဖီဆက်လမ်းမှ ၎င်းနေထိုင်ရာ တိုက်ခန်းရှိသည့် ဆယ်ရီထိုင်း လမ်းသို့ပြန်ရန် တက္ကစီငှားစီးရာတွင် အဆိုပါအဖြစ်အပျက် ဖြစ်ပွားခဲ့သည်ဟု သောင်ပါကိုင် ဆူဆရီရက်ကဆိုသည်။ လက်တွင် ဓားမွှန်းဒဏ်ရာများဖြင့် ဘဏ်ကပီတိုင်းရှိ ရဲဌာနသို့ ရောက်လာခဲ့သည်ဟု သိရသည်။

တက္ကဆီသမားက အကြိမ်ကြိမ်ဓားဖြင့် မွှန်းကာ ပါလာသော ထိုင်းဘတ် ၁၄၀၀၀၊ နာမည်ကြီးအိတ်၊ အေတီ အမ်ကဒ်များနှင့် မှတ်ပုံတင်တို့ကို ဓားပြတိုက်ခဲ့သည်ဟု သောင်ပါကိုင် ဆူဆရီရက်က လက်ဖယောင် ရဲဌာနသို့ တိုင်ကြားခဲ့သည်။

အဆိုပါ အဖြစ်အပျက် ဖြစ်ပွားခဲ့သည်ဆိုသော လမ်းတစ်လျှောက်ရှိ စီစီတီဗီများကို ကြာသပတေးနေ့တွင် စစ်ဆေးကြည့်ရာ သံသယဖြစ်ဖွယ် အဖြစ်အပျက် တစ်စုံတစ်ရာ မတွေ့ခဲ့ရပါဟု ရဲဌာနအပိုင်း ၄ မှ ဗိုလ်ချုပ် ပိုလ်မာ့ဂ်ျ ဂျန်သီရာပွန် ဝန်ဂရာပီတက်က ပြောကြားခဲ့သည်။

သောင်ပါကိုင်သည် တက္ကစီငှားစီးခဲ့ပြီး ၎င်းတက္ကစီမှာလည်း လမ်းတွင် ရပ်ဆိုင်းသွားခြင်းမရှိဘဲ သူမနေထိုင်ရာ တိုက်ခန်းဆီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်ကို ကင်မရာများတွင် တွေ့ခဲ့ရသည်။ သောင်ပါကိုင် ကိုယ်တိုင် တိုက်ခန်းအတွင်းသို့ တစ်ဦးတည်းဝင်သွားပြီး မိနစ်သုံးဆယ်ခန့်အကြာတွင် သူငယ်ချင်းတစ်ဦး ရောက်လာကာ ရဲဌာနသို့ အတူတူ ထွက်လာသည်ကို မြင်တွေ့ခဲ့ရသည်ဟု သိရသည်။

ယင်းအဖြစ်အပျက်ကို သောင်ပါကိုင် ကိုယ်တိုင်ဇာတ်လမ်း ဆင်ခဲ့ပြီး ဒဏ်ရာများမှာလည်း မိမိကိုယ်တိုင် ပြုလုပ်ထားခြင်းသာဖြစ်သည်ကို သောင်ပါကိုင် ဝန်ခံခဲ့သည်ဟု ပိုလ်မာ့ဂ်ျဂျန်သီရာပွန် က ပြောကြားသည်။

သောင်ပါကိုင် ဆေးသုံးစွဲထား ခြင်းရှိမရှိ သိရအောင်လည်း ဓာတ်ခွဲခန်း အဖြေကို ရဲများ စောင့်လျက်ရှိသည် ဟု ပိုလ်မာ့ဂ်ျက ဆိုသည်။

သောင်ပါကိုင်တွင် ဘတ်တစ်သိန်းလောက် အကြွေးတင်လျက် ရှိသည်ဆို သည်ကိုလည်း ဝန်ခံခဲ့ပြီး လက် ဖရိုရဲများက သောင်ပါကိုင်ကို သတင်းအမှားပေးမှုဖြင့် တရားစွဲဆိုရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။

F-06