News

POST TYPE

LATEST NEWS POST

ဖိလစ်ပိုင် ISIS များနှင့်ဆက်စပ်သည့် တရားခံ ၁၀ ဦးကို မလေးရှားတွင် ဖမ်းဆီး
22-Feb-2018



ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၁

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းသို့ အစ္စလာမ္မစ်နိုင်ငံတော် ISIS ဆက်စပ်သော စစ်သွေးကြွများ ဝင်ရောက်သွားနိုင်ရန်အတွက် ကူညီပေးခဲ့သော ဖိလစ်ပိုင်နိုင်ငံသား ခုနစ်ဦးနှင့် မလေးရှားနိုင်ငံသား ၃ ဦးတို့ကို မလေးရှားနိုင်ငံ အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း CNA သတင်းတစ်ရပ်က ဖော်ပြထားသည်။

အမျိုးသားကိုးဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပါဝင်သောတရားခံများကို ဇန်နဝါရီလ ၂၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်အကြားတွင် ရဲများက စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံအရှေ့ပိုင်း ဆဘတ်ဒေသတွင် အကြမ်းဖက်မှုဂိုဏ်းဆဲလ်များ တည်ဆောက်ရန် အဘူဆေယက်ဖ် ဖိလစ်ပိုင်အကြမ်းဖက်အဖွဲ့က စီစဉ်နေသည်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း မလေးရှားရဲချုပ် မိုဟာမက်ဖူဇီဟာရမ်က ပြောကြားခဲ့သည်။ 

အဆိုပါ အကြမ်းဖက်သမားများကို ဖိလစ်ပိုင်ဘက်ခြမ်းတွင် စစ်သင်တန်းများပေးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ 

မလေးရှားနယ်မြေဘက်တွင် တိုက်ခိုက်ရေးများ ဖော်ဆောင်ရန်အတွက် အဆိုပါ ကွန်ရက်ဝင်များက ဆောင်ရွက်နေသည်ကိုလည်း မလေးရဲက ဖော်ထုတ်နိုင်ခဲ့သည်။ 

ဆီးရီးယားသို့သွားကာ IS နှင့်ပေါင်းရန် စီစဉ်နေသည့် အသက် ၃၄ နှစ်အရွယ် မလေးရှားနိုင်ငံသားတစ်ဦးကိုလည်း စင်ကာပူအာဏာပိုင်များက ဇန်နဝါရီလအတွင်း ဖမ်းဆီးရမိခဲ့သည်။ 

ပီနန်မြို့တွင် လော်ရီယာဉ်မောင်းအဖြစ် အလုပ်လုပ်သော အဆိုပါအမျိုးသားအား မလေးရှား အထူးရဲတပ်ဖွဲ့ထံ စင်ကာပူက ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

မိုဟာမက်နောဟာနစ်ဖ် အဗ္ဗဒူဂျာလီဟု အမည်ရသူသည် ချန်ဂီလေဆိပ်သို့ ဝင်ထွက်သွားလာခွင့်ရသည့် သယ်ယူပို့ဆောင်ရေး အလုပ်လုပ်သူဖြစ်ကြောင်း CNA သတင်းဌာနက စုံစမ်းသိရှိရသည်။ 

ဟာနစ်ဖ်သည် အစွန်းရောက်အစ္စလာမ္မစ်ဝါဒကို ယုံကြည်သွားခဲ့ပြီး ဆီးရီးယား သို့မဟုတ် ပါလက်စတိုင်းသို့ သွားရောက်ပူးပေါင်းရန် ကြိုးစားခဲ့သည်။ စင်ကာပူ အာဏာပိုင်သည် ၎င်းကို လုံခြုံရေးဥပဒေဖြင့် ဖမ်းဆီးခဲ့ပြီး မလေးရှားဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ 

F-02

  • VIA