News

POST TYPE

LATEST NEWS POST

ဂျာမန်အကျဉ်းထောင်များတွင် အန္တရာယ်ရှိသော အစ္စလာမ္မစ်ဝါဒီ ၁၅၀ ခန့်ကို ကိုင်တွယ်ရန် လိုအပ်
22-Feb-2018



ဘာလင်၊ ဖေဖော်ဝါရီ ၂၁

ဂျာမန်အကျဉ်းထောင်များသည် အစ္စလာမ္မစ် အစွန်းရောက်ဝါဒီများကို ဆုံးမပဲ့ပြင်ကိုင်တွယ်ရန် ကြိုးစားရုန်းကန်နေရသည်ဟု DW သတင်းဌာနက ပြောကြားသည်။

မကြာသေးမီ လပိုင်းများအတွင်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့်ပြုလုပ်ခဲ့သောကြောင့် အရေအတွက်တိုးလာမည်ဟု မျှော်လင့်ရသည်။

ဂျာမန်အကျဉ်းထောင်များတွင် အန္တရာယ်ရှိသော အစ္စလာမ္မစ်ဝါဒီ ၁၅၀ ခန့်ကို ထိန်းသိမ်းထားသည်ဟု ဂျာမန်ဖက်ဒရယ် ရာဇဝတ်မှုခင်း ရဲဌာန၏ ကိန်းဂဏန်းများအရ သိရှိရသည်။

ထိုသူများသည် ပြစ်ဒဏ်ကျခံနေရသူများနှင့် တရားစွဲဆိုမှု ရင်ဆိုင်နေရသူများဖြစ်သည်။ ထို့အပြင် အကြမ်းဖက်ဝါဒီများကို ထောက်ခံအားပေးမှု၊ ကူညီမှုတို့ကြောင့် ပူးပေါင်းကြံစည်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူများလည်း အမြောက်အမြားရှိသည်ဟု ဆိုသည်။

“နောင်လာမယ့် ငါးနှစ်လောက်ဆိုရင် ဂျာမန်ထောင်တွေထဲမှာ အစွန်းရောက်ဝါဒီတွေ ပြည့်နေလိမ့်မယ်ထင်တယ်”ဟု တရားရေးဝန်ကြီး အီဗာခွန်းဟော်မန်းက ဒီးဝေါ့ဇ်သတင်းစာသို့ ပြောကြားသည်။

အရှေ့အလယ်ပိုင်းတွင် IS အဖွဲ့နှင့်အတူ တိုက်ခိုက်ခဲ့ပြီးနောက် ဂျာမနီသို့ပြန်လာကြသော ဂျီဟတ်ဝါဒီများအား နိုင်ငံအနှံ့အပြားတွင် တရားစွဲဆိုမှုများ ပြုလုပ်နေခြင်းကို သူမက ရည်ညွှန်းခြင်းဖြစ်သည်။

ဂျာမန်ရဲဌာနသည် ၂၀၁၇ ခုနှစ်အတွင်း အကြမ်းဖက်ဆက်စပ် စုံစမ်းစစ်ဆေးမှုပေါင်း ၁၂၀၀ ကျော်ကို ပြုလုပ်ခဲ့ရာ ယခင်နှစ်ကထက် ငါးဆတိုးလာခြင်းဖြစ်သည်။

ဂျာမန်အကျဉ်းထောင်များအတွင်း အစ္စလာမ္မစ် အစွန်းရောက်များ၏ အရေအတွက် တိုးပွားလာခြင်းသည် ၎င်းတို့ကို အစွဲချွတ်ရန် ဆုံးမပဲ့ပြင်ရသည့် စိန်ခေါ်မှု ကြီးထွားလာခြင်းကို ဖြစ်ပေါ်စေသည်ဟု အီဗာခွန်းဟော်မန်းက ပြောကြားသည်။

အစွန်းရောက်ဝါဒီများ ရပ်ရွာအသိုင်းအဝိုင်းတွင် ပေါင်းစည်းဝင်ဆံ့နိုင်အောင် အကျဉ်းထောင်များ ကူညီလုပ်ဆောင်ပေးနိုင်ခြင်း မရှိပါက ဂျာမန် လူ့အဖွဲ့အစည်းကို ကောင်းကျိုးမပေးသည့် အခြေခံဝါဒီများကို လွှတ်ပေးလိုက်မိသည့် အန္တရာယ်ရှိနေသည်ဟု သူမက ဆိုသည်။

ဂျာမန်ရဲဌာနက ဖမ်းဆီး စုံစမ်းစစ်ဆေးနေသူများထဲတွင် အစွန်းရောက် တရားဟောသူများ၊ မအောင်မြင်သော အကြမ်းဖက်မှုကို စီစဉ်သူများ၊ အီရတ်နှင့် ဆီးရီးယားစစ်ပွဲမှ ပြန်လာသူများ ပါဝင်ကြသည်။ စုံစမ်းစစ်ဆေးမှု ၁၂၀၀ ကျော်တွင် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ သံသယရှိသူများပါဝင်ပြီး ၈၀ ရာခိုင်နှုန်းမှာ အစ္စလာမ္မစ်အစွန်းရောက် အုပ်စုများနှင့် အဆက်အသွယ် ရှိသူများဖြစ်သည်ဟု ရဲဌာနက ရှင်းလင်းပြောကြားသည်။

ထောင်များထဲတွင် အစ္စလာမစ်ဝါဒီ အကျဉ်းသားများ တိုးပွားလာမှုသည် ထောင်အရာရှိများကို သင်တန်းမပေးရသေးမီ လုံခြုံရေးဆိုင်ရာ ဘေးအန္တရာယ်ရှိမှုကို မြင့်တက်လာစေသည်ဟု ထောင်အာဏာပိုင်များက ပြောကြားသည်။

အိမ်နီးချင်း ပြင်သစ်နိုင်ငံ၌ လူပြည့် လူလျှံဖြစ်နေသော အကျဉ်းထောင်များတွင် အကြမ်းဖက်မှုများဖြစ်ပွားနေပြီး ယခင်လက ထောင်လုံခြုံရေး အစောင့်တစ်ဦးကို အကျဉ်းကျ အစ္စလာမ္မစ် စစ်သွေးကြွတစ်ဦးက ကပ်ကြေးဖြင့် ထိုးခဲ့ပြီးနောက် ထောင်အရာရှိများက အလုပ်မဆင်းတော့ဘဲ ဆန္ဒပြခဲ့ကြသည်ဟု သတင်းများက ဖော်ပြထားသည်။ 
 
F-04

  • VIA