News

POST TYPE

LATEST NEWS POST

ဂဏန်းရှစ်လုံးပါ တစ်ထောင်တန်ငွေစက္ကူအသစ်များ ဗဟိုဘဏ်ထပ်ထုတ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဂဏန်းရှစ်လုံးပါ တစ်ထောင်တန်ငွေစက္ကူအသစ်များ ထပ်မံရိုက်နှိပ်ထားပြီး ငွေကြေးဈေးကွက်သို့ ပြည်တွင်းဘဏ်များမှတစ်ဆင့် ဖြန့်ဝေလျက်ရှိကြောင်း ဗဟိုဘဏ် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ ဂဏန်းရှစ်လုံးသို့ တိုးမြှင့်ရိုက်နှိပ်ခြင်းသည် ယခင်က ထုတ်ဝေထားသော ဟောင်းနွမ်းပျက်စီးနေသည့် ငွေစက္ကူများကို ဖျက်ဆီးရခြင်းကြောင့် အစားထိုးအသစ် ပြန်ရိုက်နှိပ်ထုတ်လုပ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

“ဖျက်ဆီးတဲ့အရေအတွက်အတိုင်း ပြန်ထုတ်တာပါ။ ဒီဟာက တစ်ထောင်တန်တွေ ဒီဇိုင်းမပြောင်းမချင်း နံပါတ်တွေ ထပ်တိုးနေဦးမှာ။ ၉ လုံး၊ ၁၀ လုံးအထိ တိုးတိုးလာမှာပဲ”ဟု ၎င်းက ဆိုသည်။

သို့သော်လည်း တစ်ထောင်တန် ငွေစက္ကူများကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများ ထည့်သွင်းပြီး ဒီဇိုင်းအသစ်ကဲ့သို့ ဒီဇိုင်းပြောင်းလဲမှုများ ရှိလာပါက ယခင်က ပထမဆုံးရိုက်နှိပ်လာသည့် အက္ခရာနှစ်လုံးနှင့် ဂဏန်း ၆ လုံးဖြင့် ပြန်လည် စတင်ရိုက်နှိပ်ရမည်ဖြစ်ကြောင်း ဗဟိုဘဏ် အကြီးတန်းအရာရှိက ပြောကြားသည်။ 

ငွေစက္ကူသစ်များ ထပ်မံရိုက်နှိပ်ခြင်းနှင့် ငွေကြေးဖောင်းပွမှုသည် မသက်ဆိုင်ဘဲ ဗဟိုဘဏ်၏ ပုံမှန်လုပ်ငန်းစဉ်များသာဖြစ်ကြောင်း ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးပညာရှင် ဦးသန်းလွင်က ပြောကြားသည်။

“ဗဟိုဘဏ်က Technical အရလုပ်တာပါ”ဟု ၎င်းက ဆိုသည်။

ပြည်တွင်းဘဏ်များကတစ်ဆင့် ဗဟိုဘဏ်သို့ ပြန်လည်ရောက်ရှိလာသော ငွေစက္ကူအဟောင်းများကို ဗဟိုဘဏ်၏ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်ရှိသည့် ငွေစက္ကူ အပြီးသတ်ဖျက်သိမ်းရေးဌာနများက ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ထို့နောက် ဖျက်ဆီးလိုက်သည့် ငွေစက္ကူအရေအတွက်အတိုင်း ငွေစက္ကူအသစ်များ ထပ်မံရိုက်နှိပ်ကာ ပြည်တွင်းဘဏ်များထံ ပြန်လည်ဖြန့်ဝေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

J-01