News

POST TYPE

LATEST NEWS POST

သက်ငယ်မုဒိမ်း အပါအဝင် ပြစ်မှုကြီးများ ထိရောက်စွာ ဟန့်တားရန် မှုခင်းဗျူဟာကို ပြည်ထဲရေး သုံးသပ်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

သက်ငယ်မုဒိမ်း အပါအဝင် ပြစ်မှုကြီးများကို ဟန့်တားနိုင်ရန် မှုခင်းကာကွယ်ရေး မဟာဗျူဟာကို ပြန်လည် သုံးသပ်နေပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

“တစ်ဖက်က ပြစ်ဒဏ်ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တောင်းဆိုနေတာ ရှိပါတယ်။ ဒါကို ကျွန်တော်တို့ ဥပဒေပြင်ဆင်ရေးကတော့ ဥပဒေရေးဆွဲတဲ့ လုပ်ငန်းစဉ်အတိုင်း တစ်ဖက်ကတော့ သွားနေတာပေါ့။ ကျွန်တော်တို့ ဖေဖော်ဝါရီ လကုန်ကစပြီးတော့ သက်ငယ်မုဒိမ်းမှု အပါအဝင် ပြစ်မှုကြီးတွေအတွက် ကျွန်တော်တို့ မှုခင်းကာကွယ်ရေး မဟာဗျူဟာကို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်တွင်း အဖွဲ့အစည်းတွေနဲ့ လေ့လာသုံးသပ်ပြီးတော့ ဒါကို ထိရောက်ဟန့်တားတဲ့ လုပ်ငန်းစဉ်ဖြစ်ပေါ်ဖို့ အလေးထား ဆောင်ရွက်နေပါတယ်”ဟု ၎င်းကဆိုသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၁) ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မေးခွန်းလာရောက်ဖြေကြားပေးသော ၎င်းက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စကြောင့် ဝန်ကြီးဌာန၊ လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သက်ငယ် မုဒိမ်းမှု မဖြစ်ရေးအတွက် အသိပညာပေးရေး လမ်းစဉ်ကို တိုးမြှင့်လုပ်ဆောင်နေပြီး သက်ငယ်မုဒိမ်း ဖြစ်နိုင်ခြေရှိသော နေရာတွေကို ဦးစားပေးမှုခင်းကာကွယ်ရေး မဟာဗျူဟာနှင့်အညီ နယ်မြေအလိုက် တိုးမြှင့်ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။

“ဒီကိစ္စတွေ ဖြစ်ပေါ်တဲ့အပေါ်မှာလည်း ကျွန်တော်တို့ ကြားသိနေရတာ စိတ်ထဲမှာ မကောင်းပါဘူး။ ဒါကြောင့် ဒီလုပ်ငန်းစဉ်ကို အလေးအနက်ထားပြီး နေ့စဉ် ဆောင်ရွက်ထားပါတယ်”ဟု ၎င်းက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အသက် ၁၆ နှစ်အောက် ကလေးသူငယ်များကို မုဒိမ်းပြုကျင့်ခံရမှုသည် ၂၀၁၆ ခုနှစ်တွင် ၆၇၁ မှု၊ ၂၀၁၇ ခုနှစ်တွင် ၈၉၇ မှုဖြစ်ပြီး ၂၂၆ မှု အထိ မြင့်တက်လာခဲ့သည်။

လတ်တလောတွင် ယင်းအမှုများ ရှိလာခြင်းကြောင့် သက်ငယ်မုဒိမ်း၊ လူသတ်မုဒိမ်းများကို သေဒဏ်ပေးရန် လူထုလက်မှတ် ကောက်ခံသော လှုပ်ရှားမှုများ မြို့ကြီးအချို့တွင် ပြုလုပ်နေကြသည်။

S-01