News

POST TYPE

LATEST NEWS POST

ပညာရေး အသုံးစရိတ်ကိစ္စ ကျောင်းသားများကို လွှတ်တော်အမတ်ရှင်း
21-Feb-2018 tagged as ပညာရေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ပညာရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲပေးရေး မန္တလေးတွင်ဆန္ဒပြမှုများ ဖြစ်ပေါ်ပြီးနောက် ရန်ကုန်တိုင်း လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို ပညာရေး အသုံးစရိတ်ကိစ္စ ရှင်းလင်းခဲ့ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက်က ဒဂုံ တက္ကသိုလ်တွင် ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာဌာန၊ ကထိက ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက အဆင့်မြင့်ပညာရေးဥပဒေ မူကြမ်းအကြောင်း၊ ဒဂုံတက္ကသိုလ် သင်္ချာဌာန လက်ထောက်ကထိက ဦးသန့်ဇင်က တက္ကသိုလ် ပဋိညာဉ်အကြောင်း ကျောင်းသားများကို ပြောကြားခဲ့သည်။

လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက “ကျောင်းသားတွေအနေနဲ့ ကိုယ်လိုအပ်တဲ့ကိစ္စတွေ အားလုံးကို ဥပဒေဘောင်ထဲကနေ စနစ်တကျ ဘဏ္ဍာငွေရဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း ဘယ်လိုတောင်းဆိုမလဲဆိုတာကို ကျောင်းသားတွေသိအောင် လာဟောပြောပေးတာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနအနေနှင့် ပညာရေး အသုံးစရိတ် တစ်နှစ်ထက်တစ်နှစ် ပိုမိုသုံးစွဲလာပြီဖြစ်ကြောင်း လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက ပြောကြားခဲ့သော်လည်း ကိန်းဂဏန်းများဖြင့် ပြောကြားခဲ့ခြင်းမရှိဟု ကျောင်းသားများကဆိုသည်။ 

ယခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာအတွက် ကျပ် ၈၀၇ ဘီလီယံ တောင်းခံထားပြီး တစ်နိုင်ငံလုံး၏ အသုံးစရိတ် စုစုပေါင်း၏ ၇ ဒသမ ၅၆ ရာခိုင်နှုန်းရှိကြောင်း ယခုနှစ်ဆန်းပိုင်းက ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်ထံမှ သိရှိရသည်။

လာမည့်မတ်လကုန်တွင် ကုန်ဆုံးမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပညာရေး အသုံးစရိတ်သည် ၁၆၉၀ ဘီလီယံရှိပြီး တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၈ ဒသမ ၅၃ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန မှတ်တမ်းများအရ သိရှိရသည်။

ယင်းရှင်းလင်းပွဲသို့ ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။ ဒုတိယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်တွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျောင်းသားများက အုပ်စုဖွဲ့ ဆွေးနွေးကာ ရလဒ်များကို ထုတ်ဖော်ပြီး လွှတ်တော်သို့တင်ပြရန် လတ်တလော လျာထားသည်ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနန်းလင်းက ပြောဆိုသည်။

“လွန်ခဲ့တဲ့ ရက်သတ္တပတ်က ရတနာပုံတက္ကသိုလ်မှာ ပညာရေးအသုံး စရိတ်တိုးမြှင့်ပေးရေးနဲ့ ပတ်သက်ပြီး ကျောင်းသားကိစ္စတွေ ဖြစ်ခဲ့တယ်။ ပညာ ရေးအသုံးစရိတ်တိုးမြှင့်ဖို့ တောင်းဆို တယ်ဆိုတာက တကယ်မှန်တယ်။ ဒါပေမဲ့ တိုးမြှင့်ဖို့တောင်းဆိုတာမှာ နည်းလမ်းပေါင်းစုံရှိတယ်။ ကျွန်တော်တို့အနေနဲ့ ဘတ်ဂျက်သဘောတရားတွေ နားလည်ပြီး သေချာတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ တောင်းဆိုတတ်ဖို့ ဒီပွဲကို လုပ်ခြင်းဖြစ်ပါတယ်”ဟု ကိုနန်းလင်းက ပြောကြားသည်။

ပညာရေးအသုံးစရိတ်၊ အဆင့်မြင့် ပညာရေး ဥပဒေမူကြမ်းနှင့် တက္ကသိုလ် ပဋိညာဉ်အကြောင်း ကျောင်းသားများအား ရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး၊ ဗြိတိသျှကောင်စီမြန်မာက ကူညီခြင်းဖြစ်ပြီး ဒဂုံတက္ကသိုလ် ပညာရေး လှုပ်ရှားမှုအဖွဲ့များက ပူးပေါင်း ကျင်းပခြင်းဖြစ်ကြောင်း ယင်းအဖွဲ့အစည်းများထံမှ သိရှိရသည်။

ဇန်နဝါရီ လကုန်ပိုင်းက မန္တလေးမြို့၊ ရတနာပုံ တက္ကသိုလ်တွင် ပညာရေး အသုံးစရိတ် တိုးမြှင့်သုံးစွဲပေးရေး ဗကသ ကျောင်းသား ကျောင်းသူ ၁၀၀ ခန့်က တောင်းဆို၊ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ရာ ၎င်းတို့ကို တိုင်းအစိုးရအဖွဲ့က လူစုခွဲအိမ်ပြန်ပို့ကာ သက်ဆိုင်ရာ တက္ကသိုလ်များကလည်း ကျောင်းထုတ်ခဲ့သေးသည်။ သို့ သော် ယခုအခါ မကွေးတိုင်း အစိုးရအဖွဲ့ မေတ္တာရပ်ခံမှု၊ အစိုးရနှင့် ကျောင်းသားများ ညှိနှိုင်းမှုအရ ကျောင်းပြန်တက်ခွင့် ရပြီဖြစ်သည်။ 

J-19