News

POST TYPE

LATEST NEWS POST

ဗြိတိန်တွင် ကြက်သားတင်သွင်းမှု ပြဿနာကြောင့် KFC ဆိုင်များ ပိတ်ထားရ
20-Feb-2018 tagged as ဗြိတိန်


လန်ဒန်၊ ဖေဖော်ဝါရီ ၂၀

ဗြိတိန်နိုင်ငံတွင် ကြက်သားတင်သွင်း ဖြန့်ချိမှု ပြဿနာများကြောင့် KFC က အရောင်းဆိုင် ၉၀၀ ကျော်အနက် ထက်ဝက်ခန့်ကို ပိတ်ထားရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

KFC သည် ပေးသွင်းဖြန့်ချိမှု ကန်ထရိုက်အလုပ်ကို  DHL ထံသို့ လွှဲပြောင်းပေးအပ်လိုက်ပြီးနောက် ကြက်သားတင်သွင်းမှု ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ရာ စီမံဆောင်ရွက်မှု ပြဿနာများကြောင့်ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

တင်သွင်းဖြန့်ချိမှု ပြဿနာများ ဖြေရှင်းပြီးစီးမည့်အချိန်ကို မသိရသေးဟု KFC ပြောရေးဆိုခွင့်ရှိသူက ပြောကြားသွားသည်။

ယခုကာလတွင် အလုပ်သမားများ အားလပ်ရက် ယူကြရန် အားပေးသော်လည်း အတင်းအကျပ် မတိုက်တွန်းပါဟု ၎င်းကဆိုသည်။

လောလောဆယ် ဖွင့်လှစ်ပေးထားသော အနီးဆုံး ကြက်ကြော်ဆိုင်များကို စားသုံးသူ ဖောက်သည်များ ရှာတွေ့နိုင်ရန် ဝက်ပေ့ခ်ျတစ်ခုကို KFC က တင်ပေးထားသည်။

KFC ကွန်ရက်က ပိုင်သောဆိုင်များတွင် အချိန်ပိုင်း ဝန်ထမ်းများကို ပြီးခဲ့သော ၁၂ ပတ်အတွက် ပျမ်းမျှအလုပ်ချိန်ဖြင့် ပေးချေမည်ဖြစ်ပြီး အမြဲတမ်း ဝန်ထမ်းများကိုမူ ပုံမှန်အတိုင်း လစာပေးမည်ဟုဆိုသည်။

ဗြိတိန်တွင် KFC အရောင်းဆိုင် ၈၀ ရာခိုင်နှုန်းကို ကုမ္ပဏီကွန်ရက်က ပိုင်ဆိုင်ထားသည်။ ဖရန်ချိုက်စ် အရောင်းဆိုင်များမှာမူ လွတ်လပ်ခွင့် ရှိသော်လည်း ကုမ္ပဏီမူဝါဒအတိုင်း လုပ်ဆောင်ရန် တိုက်တွန်းလိုသည်ဟု KFC က ပြောကြားသည်။

ဗြိတိန်တွင် အင်္ဂါနေ့ကအထိ တောင်အာဖရိကပိုင် Bidvest လုပ်ငန်းက KFC အတွက် ကြက်သားပေးသွင်းမှု ကန်ထရိုက်လုပ်ငန်းကို ရရှိထားခဲ့သည်။ ယခုကန်ထရိုက် ပြောင်းလိုက်ပြီးနောက် ကြက်သားထုတ်ကုန်များ စတင် ပြတ်တောက်သွားခြင်း ဖြစ်သည်။

“ကန်ထရိုက် ကုမ္ပဏီကို ပြောင်းလဲလိုက်တဲ့အတွက် အစပိုင်း အခက်အခဲလေးတွေ ရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံးက ဆိုင်ပေါင်း ၉၀၀ ကျော်ကို လတ်ဆတ်တဲ့ ကြက်သားတွေ ပေးသွင်းရတာ အတော်လေး ရှုပ်ထွေးပါတယ်။ KFC က အရည်အသွေးကို မလျော့စေချင်တဲ့အတွက် ဆိုင်တော်တော်များများကို ပိတ်ပေးခဲ့ပါတယ်။ ဖွင့်ထားတဲ့ဆိုင်တွေမှာလည်း ဖွင့်ချိန် အကန့်အသတ် ရှိပါတယ်”ဟုကုမ္ပဏီက Twitter တွင် တောင်းပန်ထားသည်။

ကန်ထရိုက်လုပ်ငန်းသစ် DHL ကလည်း လုပ်ငန်း အစပိုင်းကြန့်ကြာမှုနှင့် အခက်အခဲများကြောင့် အဆင်မပြေ ဖြစ်ခဲ့ရမှုများအတွက် တောင်းပန်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

GMB အလုပ်သမားသမဂ္ဂကမူ ကန်ထရိုက်စာချုပ်ကို Bidvest ထံမှ DHL ထံသို့ ပြောင်းလဲပေးအပ်ခြင်းအတွက် KFC ကို သတိပေးရန် ကြိုးစားခဲ့ကြောင်း ပြောကြားသည်။ ယင်းသို့ ပြောင်းလဲမှုကြောင့် အလုပ်အကိုင် ၂၅၅ ခု ဆုံးရှုံးသွားပြီး Bidvest ရုံးချုပ်ပိတ်သိမ်းလိုက်ရသည်ဟု သိရှိရသည်။

“Bidvest က ပေးသွင်းဖြန့်ချိမှု အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်သူတွေ ဖြစ်ပါတယ်။  DHL ကတော့ ရနိုင်သမျှ လုပ်ငန်းတွေကို ကုတ်ခြစ်ယူနေတာပါ”ဟု GMB က မှတ်ချက်ပေးသည်။

“DHL က ရုံးချုပ် တစ်နေရာတည်းကနေ ဖြန့်ချိမှုလုပ်ငန်း တစ်ခုလုံးကို မနိုင်မနင်း ကိုင်တွယ်နေတဲ့အတွက် KFC ဆိုင် ပေါင်း ရာနဲ့ချီပြီး ပိတ်လိုက်ရပါတယ်။ လွန်ခဲ့တဲ့ သုံးပတ်လောက်မှာ KFC က အမှားလုပ်မိပြီ ဆိုတာကို သိသွားခဲ့ပေမယ့် အချိန် နောက်ကျသွားပါပြီ” ဟု GMB မှ မစ်ခ်ရစ်ဇ်က ပြောကြားသည်။

F-04