News

POST TYPE

LATEST NEWS POST

HIV ပိုးရှိကြောင်း မှားယွင်းအဖြေထုတ်ခဲ့သည့် မြို့တော်ဆေးရုံက လူနာရှင်ကို ကျပ်သိန်း ၃၀၀ ပေးလျော်
20-Feb-2018

မန္တလေး၊ ဖေဖော်ဝါရီ ၂၀

မန္တလေးမြို့ရှိ မြို့တော်ဆေးရုံအနေနှင့် လူနာတစ်ဦးကို HIV ပိုးတွေ့ရှိကြောင်း မှားယွင်းစွာ အဖြေထုတ်ပေးခဲ့ခြင်းအတွက် နစ်နာကြေး ကျပ်သိန်း ၃၀၀ နှင့် တရားရုံး ကုန်ကျစရိတ် ပေးလျော်ရန် မန္တလေးခရိုင်တရာရုံးက ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အမိန့်ချမှတ်လိုက်သည်။

မြို့တော်ဆေးရုံက ထုတ်ပေးလိုက်သည့်အဖြေကို မကျေနပ်၍ လူနာရှင် မိသားစုက အမျိုးသား ဓာတ်ခွဲခန်းတွင် စစ်ဆေးခဲ့ရာ ပိုးမတွေ့သောကြောင့် နစ်နာကြေးငွေ ကျပ်သိန်း သုံးရာရလိုမှုဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက တရားစွဲဆိုထားမှုကို မန္တလေးခရိုင်တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်သည်။

မဟာအောင်မြေမြို့နယ်အတွင်းရှိ မြို့တော်ဆေးရုံကို မြင်းခြံမြို့နယ် ဘုရားလှကျေးရွာမှ အသက် ၆၆ နှစ်အရွယ်ရှိသူ ဦးဝင်းတင်က နစ်နာကြေးရလိုမှုဖြင့် မန္တလေးခရိုင်တရားရုံးတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က တရားမကြီးအမှတ် ၅၈၄ ဖြင့် တရားစွဲဆိုခဲ့ရာ တရားရင်ဆိုင်ချိန် ၁၆ လကျော်အကြာတွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။ 

“ဒီအမှုမှာ မြို့တော်ဆေးရုံက တရားလိုကို ပေးထားတဲ့ စာရွက်စာတမ်းတွေအရ ဦးဝင်းတင်မှာ AIDS ရောဂါ နောက်ဆုံးအဆင့်ကို ရောက်နေတယ်ဆိုပြီး ရေးသားဖော်ပြထားတာ ထင်ရှားပေါ်ပေါက်နေပြီးတော့ ပိုးရှိတယ်ဆိုပြီး ခုတင် ၃၀၀ ဆံ့ ဆေးရုံကြီးကို လွှဲပြောင်းကုသရန် စာထုတ်ပေးထားတာကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ တရားပြိုင်ဘက်က ဘယ်လိုပဲ ငြင်းဆိုနေပေမယ့် သက်သေတွေရဲ့ ထွက်ဆိုချက်တွေအရ မြို့တော်ဆေးရုံအနေနဲ့ တရားလိုမှာ AIDS ရောဂါ နောက်ဆုံးအဆင့်ရှိတဲ့ ရောဂါပိုးတွေ့ရှိကြောင်း လူနာရှင်ကို ပြောဆိုခဲ့တယ်ဆိုတာ ပေါ်ပေါက်တဲ့အတွက် တရားလိုအနေနဲ့ အနိုင်ဒီကရီ ရထိုက်တယ်လို့ ဆုံးဖြတ်ပါတယ်”ဟု မန္တလေးခရိုင်တရားရုံး တရားခွင်အမှတ် (၉) မှ တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

တရားရုံးက ချမှတ်လိုက်သည့် အမိန့်အတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့တော်ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ နွယ်နွယ်ဝင်းက ပြောကြားသည်။

ဦးဝင်းတင်သည် ၂၀၁၆ ခုနှစ် အောက်တိုဘာလဆန်းပိုင်းက ကျန်းမာရေး မကောင်းသည့်အတွက် မြို့တော်ဆေးရုံတွင် ဆေးကုသမှုခံယူစဉ် ဆေးရုံတာဝန်ကျဆရာဝန်က HIV ရောဂါပိုးကူးစက်ခံထားရကြောင်းနှင့် ကူးစက်ခံရမှု အခြေအနေမြင့်မားပြီး အဆုတ်အတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အသိပေးခဲ့သည်ဟု တရားလို၏ သမီးတော်စပ်သူ ဒေါ်သီတာဝင်းက ပြောဆိုသည်။

“ကျွန်မအဖေမှာ ဒီရောဂါရှိတယ်ဆိုတာကို ဆေးရုံက ပြောလိုက်တော့ စိတ်ဓာတ်တွေကျပြီး တော်တော် ဒုက္ခရောက်ခဲ့တာပါ။ ရွာထဲမှာဆိုရင်လည်း ဒီရောဂါကြီးဖြစ်နေတယ်ဆိုတော့ ဘယ်သူမှ အပေါင်းအသင်း မရှိတော့ဘူး။ လူမှုရေး နစ်နာမှုတွေလည်း ရှိခဲ့တယ်။ ခုတော့ တရားရုံးက ဒီဟာကြီးဖြစ်နေတယ်ဆိုတာ မဟုတ်ဘူးဆိုတာ သက်သေပြပေးသလို ဖြစ်သွားတယ်။ ပါးစပ်က ဒီရောဂါမရှိပါဘူးဆိုတာ ငြင်းနေတာထက် ခုလို သက်သေပြလိုက်တော့ အများကြီး အဆင်ပြေသွားမှာပါ”ဟု ၎င်းတို့မိသားစု ကြုံခဲ့ရသော အခြေအနေကို ရှင်းပြသည်။

HIV ရောဂါပိုးကူးစက်ခံရသည့်အတွက် ခုတင် ၃၀၀ ဆံ့သင်ကြားရေး ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ရာတွင် လူနာဖြစ်သူက ဆေးရုံတက်လိုခြင်း မရှိသည့်အတွက် နေအိမ်တွင် ပြန်လည် နေထိုင်ခဲ့ကြောင်း၊ ယင်းသို့နေထိုင်စဉ် ကျန်းမာရေး ကောင်းမွန်လာခဲ့သော်လည်း နား အကြားအာရုံ ချို့ယွင်းခဲ့သည့်အတွက် ရန်ကုန်မြို့တွင် ဆေးကုသမှုခံယူခဲ့ရကြောင်း ဒေါ်သီတာဝင်းက ဆက်လက် ပြောပြသည်။

မြို့တော်ဆေးရုံ၏ သွေးစစ်ဆေးမှုအဖြေကို လက်မခံလိုသောကြောင့် အခြားဆေးရုံတစ်ခုတွင် စစ်ဆေးရာ၌ ပိုးမတွေ့ကြောင်း အဖြေထွက်ခဲ့၍ တိကျသေချာစေရန် အမျိုးသား ဓာတ်ခွဲခန်းတွင် ထပ်မံ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း လူနာရှင် မိသားစုအဆိုအရ သိရသည်။ 

မန္တလေးမြို့ရှိ ပုဂ္ဂလိက ဆေးရုံများအနက် လူနာတစ်ဦးကို နစ်နာကြေး ပေးရသည်မှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်ကြောင်း မန္တလေးမြို့ခံ ဆရာဝန်များ အသိုင်းအဝိုင်းထံမှလည်း သိရသည်။

M-04