News

POST TYPE

LATEST NEWS POST

မုဒိမ်းမှုကို ထိရောက်ပြစ်ဒဏ်ပေးရန် လူ့အခွင့်အရေး ကော်မရှင် အစိုးရကို တိုက်တွန်း
19-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

သက်ငယ်မုဒိမ်း ကျူးလွန်သူများအား အမြန်ဆုံး ဖော်ထုတ် အရေးယူပေးရန်နှင့် ထိရောက်သောပြစ်ဒဏ် ချမှတ်ပေးရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဖေဖော်ဝါရီလ ၁၉ ရက်၌ အစိုးရထံ တိုက်တွန်းသည့် ထုတ်ပြန်ချက်တစ်စောင်ထုတ်ခဲ့ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။

“ခုနောက်ပိုင်းမှာ သက်ငယ်မုဒိမ်း ကျူးလွန်မှုတွေက ပိုများလာတယ်။ မူကြိုကျောင်းနေအရွယ်ကလေးတွေ၊ အမျိုးသမီးတွေဘဝက လုံခြုံမှု မရှိတော့ဘူး။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိတော့တဲ့ အခြေအနေ ရောက်လာတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ အခုမုဒိမ်းမှု အရေအတွက်က မီးမောင်းထိုးပြနေတယ်။ အဲလို့ စိတ်မမှန်တဲ့သူတွေကို လူတွေနဲ့ အဆက်အသွယ် ကြာကြာဖြတ်ပြီး ထောင်ချစေချင်တယ်။ လွတ်ငြိမ်းချမ်းသာခွင့်တို့၊ လျှော့ရက်တို့ မပေးစေချင်ဘူး။ သူတို့လို လူမျိုးတွေကို လွှတ်လိုက်ရင် မိန်းကလေးတွေ ဒုက္ခရောက်တော့မယ်”ဟု ၎င်းကဆိုသည်။

သက်ငယ်မုဒိမ်း ကျူးလွန်သည့် အမှုများသည် ယခင်နှစ်ကထက် ပိုမိုများပြားလားသည့်အတွက် ပြစ်မှုကျူးလွန်သူများကို ထိရောက်သည့် ပြစ်ဒဏ်စီရင်စေလိုကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

ပြည်ထဲရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ၂၀၁၆ ခုနှစ်က သက်ငယ်မုဒိမ်းမှု ၆၇၁ မှုနှင့် ၂၀၁၇ ခုနှစ်က ၈၉၇ မှု ဖြစ်ပွားခဲ့သောကြောင့် ယခင်နှစ်ကထက် ဖြစ်ပွားမှုနှုန်း ၂၂၆ မှု ပိုများပြားခဲ့သည်။

ထို့အပြင် အသက် ၁၆ နှစ်အထက် မုဒိမ်းမှုမှာ ၂၀၁၆ ခုနှစ်အတွင်း ၄၂၆ မှုနှင့် ၂၀၁၇ ခုနှစ်တွင် ၅၀၈ မှု ဖြစ်ပွားခဲ့သည့်အတွက် ၇၉ မှု ပိုများပြားခဲ့သည်။

ထို့အပြင် အချို့အမှုများတွင် မုဒိမ်းမှု ကျူးလွန်သည့်အပြင် ပစ္စည်းလုယက်မှု၊ လူသတ်၍ အလောင်းဖျောက်မှုများပါ ကျူးလွန်နေသည့်အတွက် အမျိုးသမီးထုအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိဘဲ စိန်ခေါ်မှုတစ်ရပ်အဖြစ် ဖြစ်ပေါ်နေကြောင်း ၎င်းကပြောကြားသည်။

J-18