News

POST TYPE

LATEST NEWS POST

ဓမ္မစေတီခေါင်းလောင်း ဆယ်ရန် ဦးစံလင်းစီစဉ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမှုနှင့်ပတ်သက်၍ လူသိများထင်ရှားသူ ဦးစံလင်းက ယခုနှစ်မိုးရာသီ (ဝါခေါင်လ) တွင် ခေါင်းလောင်းကိုဆယ်ယူရန် ထပ်မံစီစဉ်နေကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်က Orchid ဟိုတယ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးစံလင်းက ပြောကြားသည်။

ဦးစံလင်းသည် သတင်းစာရှင်းလင်းပွဲလုပ်၍ ၂၀၁၄ ခုနှစ်က တစ်ကြိမ်၊၂၀၁၆ ခုနှစ်က တစ်ကြိမ် ဆယ်ယူရန်ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရခဲ့၍ ယခုတစ်ကြိမ် ထပ်မံဆယ်ယူခြင်းဖြစ်ပြီး ကောက်ခံရရှိထားသော အလှူငွေ ကျပ်သိန်းငါးရာသုံးဆယ်ကျော်ကို အသုံးပြုဆယ်ယူမည်ဟု ဆိုသည်။

“ခေါင်းလောင်းကြီးရှိနေတဲ့ နေရာကို ကျွန်တော်သိနေပြီ။ ဟိုးအရင်ကတည်းက သိနေတာ။ အရင်တူးခဲ့တဲ့နေရာနားမှာပဲ ဆယ်မယ်။ အရင်က ဆည်မရခဲ့တာက အဖျက်တွေရှိနေလို့ ဆည်မရတာ။ ဒါကြောင့် ရပ်လိုက်တာ”ဟု ၎င်းက ဆိုသည်။

ဓမ္မစေတီခေါင်းလောင်းဆည်ယူရန် နိုင်ငံတော်သမ္မတထံ လိပ်မူ၍ ဖေဖော်ဝါရီလ ၂၁ ရက် (ဗုဒ္ဓဟူး) တွင် စာတင်မည်ဖြစ်ပြီး ယခင်ကကောက်ခံရရှိထားသော အလှူငွေလက်ကျန် ကျပ်သိန်း ၅၀၀ ကျော်ကို အသုံးပြု၍ ဆယ်ယူမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရထံမှ ခွင့်ပြုချက်နှင့် သောင်တူးစက်ကို ငှားရမ်းခွင့်ပြုရန်သာ လိုအပ်ကြောင်း၊ လက်ရှိတွင် ရေငုပ်သမားများကိုလည်း စီစဉ်ထားပြီးဖြစ်ကြောင်း ဦးစံလင်းက ဆက်လက်ရှင်းပြသည်။

ခေါင်းလောင်းဆည်ယူရန် ၎င်းကိုယ်တိုင် ဦးစီးဆောင်ရွက်မည်ဖြစ်ပြီး ယခင်က ခေါင်းလောင်းလှူဒါန်းမှုများတွင် အဖျက်အဆီးအတိုက်အခံများ ရှိခဲ့ကြောင်း ဦးစံလင်းက ဆက်လက်ပြောဆိုသည်။

၂၀၁၄ ခုနှစ် ဩဂုတ်လအတွင်း ဦးစံလင်းဦးစီး၍ ဓမ္မစေတီခေါင်းလောင်းကို သိပ္ပံနည်းများ၊ ဝိဇ္ဇာနည်းများ အသုံးပြု၍ ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့်လှိုင်မြစ်တို့ ဆုံမြစ်သုံးစင်းဆိုင်နေရာတွင် တူးဖော်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပဲ ပြည်သူများအကြား ဝေဖန်မှုများရှိခဲ့သည်။

ဓမ္မစေတီခေါင်းလောင်း တူးဖော်ခွင့်ရရှိရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ၂၀၁၆ခုနှစ်မေလတွင် တစ်ကြိမ်၊ ဇွန်လတွင်တစ်ကြိမ် ခွင့်ပြုမိန့်တောင်းခံခဲ့သော်လည်း ခွင့်မပြုခဲ့ကြောင်း ၎င်းက ဆိုသည်။

ဓမ္မစေတီခေါင်းလောင်းကြီးမှာ ကမ္ဘာပေါ်တွင် အကြီးဆုံးသော ခေါင်းလောင်းတော်ကြီးဖြစ်ပြီး ၁၄ ရာစုတွင် မွန်ဘုရင် ဓမ္မစေတီမင်းမှ ရွှေတိဂုံဘုရားသို့ သွန်းလုပ်လှူဒါန်းခဲ့သည်။ ဓမ္မစေတီခေါင်းလောင်းကြီးသည် ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းကြီးများအနက် ပထမဦးဆုံး ခေါင်းလောင်းကြီးဖြစ်သည်။

၁၆ ရာစုတွင် ပေါ်တူဂီလူမျိုး ဒီဗရစ်တို (ခေါ်) ငဇင်ကာမှ ခေါင်းလောင်းကြီးကို ရွှေတိဂုံဘုရား ကုန်းတော်ပေါ်မှ အဓမ္မယူငင်သွားပြီးနောက် ဖောင်ဖြင့်သယ်ယူရန် ကြိုးစားစဉ် ရန်ကုန်မြို့နှင့် သံလျှင်မြို့အကြား မြစ်သုံးခုဆုံရာနေရာတွင် နစ်မြုပ်သွားခဲ့သည်ဟု ယုံကြည်ကြသည်။

အဆိုပါ ခေါင်းလောင်းတော်ကြီးမှာ ယခုထက်တိုင် မြစ်အောက်တွင် နစ်မြုပ်နေဆဲဖြစ်ပြီး ဆယ်ယူရန် ကြိုးပမ်းမှုများမှာ အောင်မြင်ခြင်း မရှိသေးပေ။