News

POST TYPE

LATEST NEWS POST

ဘင်္ဂလားဒေ့ရှ်က ပထမဆုံးပို့သည့် ဒုက္ခသည် ရှစ်ထောင်ကျော်စာရင်း မြန်မာအစိုးရ စစ်ဆေး
18-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် ဒုက္ခသည်များအနက် ပထမဆုံးအဖြစ် ဘင်္ဂလားဒေ့ရှ်ကပို့သည့် ဒုက္ခသည် ရှစ်ထောင်ကျော် စာရင်းကို မြန်မာအစိုးရက စစ်ဆေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ပေးပို့သည့် ဒုက္ခသည် ၈၀၃၂ ဦးစာရင်းကို မြန်မာနိုင်ငံတွင် အမှန်တကယ် နေထိုင်ခဲ့သူ ဟုတ်၊ မဟုတ် စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ပထမအသုတ်အနေနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရပေးပို့သည့် ဒုက္ခသည် ၈၀၃၂ ဦးစာရင်းတွင် မွတ်ဆလင် ၇၅၀ ဦးနှင့် ဟိန္ဒူ ဘာသာဝင် ၅၀၈ ဦး ပါဝင်ကြောင်း ၎င်းက ပြောကြားသည်။

“ဟိုဘက်အစိုးရဘက်က ဒုက္ခသည် ၈၀၃၂ ယောက် စာရင်းပေးလိုက်တယ်။ သူတို့စာရင်းပေးလိုက်တဲ့သူတွေက ဒီ ဘက်မှာ အမှန်တကယ် နေထိုင်သူလား၊ အကြမ်းဖက်တဲ့သူ စာရင်းထဲမှာပါလား ဆိုတာကို စာရွက်နဲ့ စိစစ်ရမှာပေါ့။ အဲဒီ စာရင်းကို ပုံမှန်အားဖြင့် ပြန်ပို့ရမယ်။ ဒီဘက်က အတည်ပြုပြီး ပြန်ပို့ရမယ်” ဟု ၎င်းကဆိုသည်။

ပထမအသုတ်လွှဲပြောင်းပေးမည့် လူဦးရေ ရှစ်ထောင်ကျော် စာရင်းကို မြန်မာဘက်သို့ ပေးအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၇ ရက်က ထုတ်ပြန်ထားသည်။

“ပထမအသုတ်ကို မွတ်ဆလင်နဲ့ ဟိန္ဒူစာရင်းက ပြန်စစ်စရာကို မလိုဘူး။ အဲဒီလူတွေက ဒီဘက်မှာ အမှန်နေထိုင်သူတွေကို စစ်ဆေးပြီးသား။ ၈၀၃၂ ဘာတွေပါလည်း အနုစိတ် မသိသေးဘူး။ ကျွန်တော်တို့ Process အတိုင်း လုပ်ရမယ်”ဟု ဒေါက်တာဝင်းမြတ်အေးကဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးနှင့် နယ်စပ်ဆက်ဆံရေး ရုံးဖွင့်ရန် နှစ်နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနအဆင့် အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ဖေဖော်ဝါရီလ ၁၆ ရက်မှ စတင်ကာ သုံးရက်ကြာ ပြုလုပ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လွှဲပြောင်းပေးမည့် ပထမအသုတ်တွင် အိမ်ထောင်စု ၁၆၃၇ စုမှ လူဦးရေ ၈၀၃၂ ဦးစာရင်းကို ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal အဆာ ဒူဇားမန်းခန်ကမားလ်က မြန်မာ/ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေထံ ဖေဖော်ဝါရီလ ၁၆ ရက်က အမည်စာရင်းများကို ပေးအပ်ခဲ့ပြီးနောက် ဒုက္ခသည်များ ပြန်လည်လက်ခံရေး အဆင့်သုံးဆင့် လုပ်ဆောင်ရန်အတွက် နှစ်ဖက် ကိုယ်စားလှယ်များ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဆွေးနွေးမည်ဖြစ်သည်။

ဒုက္ခသည်များ ပြန်လည်လက်ခံရေး၊ ပြန်လည် ရောက်ရှိလာသည့် ဒုက္ခသည်များ စားဝတ်နေရေးများကို ဖြေရှင်းရေး၊ ရောက်ရှိလာသည့် ဒုက္ခသည်များကို နိုင်ငံသားအဖြစ် စိစစ်လက်ခံရေးကိစ္စများကို ဆွေးနွေးမည်ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများတွင် ဖော်ပြထားသည်။

ဒုက္ခသည်များ လက်ခံရေးလုပ်ငန်းစဉ်များအတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နှစ်ဖက်အစိုးရ သုံးရက်ကြာ ဆွေးနွေးနေခြင်းဖြစ်သည်။

J-18