News

POST TYPE

LATEST NEWS POST

ဒါးပိန်တွင် ရဟန်းတစ်ပါး ကြိုးဆွဲချ အဆုံးစီရင်
18-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

လှည်းကူးမြို့နယ်၊ ဒါးပိန်မြို့၊ ဒါးပိန် မြောက်ပိုင်းကျေးရွာအုပ်စု၊ ဘုရားကွင်း ကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၆ နာရီခန့်က သက်တော် ၃၁ နှစ်အရွယ်ရှိ ရဟန်းတစ်ပါး ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ကြိုးဆွဲချ အဆုံးစီရင်ခဲ့သည့် ရဟန်းမှာ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ တပ်ဝန်ရွာရှိ သုံးထပ်ကျောင်းတွင် သီတင်းသုံးနေထိုင်ခဲ့သူ အသက် ၃၁ နှစ်၊ ဝါတော် ၁၁ ဝါ ရရှိထားသူ ဦးစန္ဒာဝရဖြစ်ပြီး လွန်ခဲ့သော ရက် ၂၀ ခန့်က အထက်ပါကျောင်းတွင် အမြဲတမ်း သီတင်းသုံးနေထိုင်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ၎င်းသည် အသက် ၁၃ နှစ်အရွယ်ကတည်းက သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပြီး အကြီးတန်း အောင်မြင်ထားသည်ဟု သိရှိရကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“စိတ်ဆင်းရဲစရာ အကြောင်းအရင်းလည်း ရှာမရဘူး၊ ကျောင်းမှာလည်း ဘာပြဿနာမှ မရှိဘူး။ ရောက်လာတာက သိပ်မကြာသေးတော့ အာဂန္တုအဆင့်လောက်ပဲ ရှိသေးတာ။ ဖြစ်တာကတော့ မနက် လေးနာရီလောက်ဖြစ်တာလို့ ခန့်မှန်း သိရတယ်။ မနက် ၆ နာရီလောက် ဆွမ်း စားသွားပင့်မှ အပေါ်ထပ် လှေကားခုံမှာ ကြိုးဆွဲချသေဆုံးနေတာကို တွေ့တာ။ပြင်ပဒဏ်လည်း မတွေ့ရဘူး”ဟု ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ရဟန်း သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် ရုပ်အလောင်းအား လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးကာ ဒါးပိန်နယ်မြေ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂/၁၈ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြိုးဆွဲချ သေဆုံးသူ ၂၀၁၇ ခုနှစ်တွင် ၁၇၆ ဦး ရှိခဲ့ပြီး သေမှုသေခင်းဖွင့်ကာ စစ်ဆေးရသည့် အမှုပေါင်း တစ်ထောင့်သုံးရာကျော်ရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကြိုးဆွဲချ အဆုံးစီရင်သူ ၁၉ ဦးရှိရာ ယင်းကြိုးဆွဲချ အဆုံးစီရင်မှုများတွင် အရှေ့ပိုင်းခရိုင်အတွင်း၌ ၅ ဦး၊ အနောက်ပိုင်းခရိုင်အတွင်း၌ ၁ ဦး၊ တောင်ပိုင်းခရိုင်အတွင်း၌ ၅ ဦး၊ မြောက်ပိုင်းခရိုင်အတွင်း၌ ၈ ဦးဖြစ် ကြောင်း၊ ဇန်နဝါရီ တစ်လအတွင်း သေမှု သေခင်းဖွင့်ကာ စစ်ဆေးခဲ့ရသည့် အမှုပေါင်း ၉၃ မှုရှိကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက် စာရင်းများအရ သိရသည်။

J-16