News

POST TYPE

LATEST NEWS POST

အီရန်ခရီးသည်တင်လေယာဉ်ပျက်ကျ၊ လေယာဉ်ပေါ် လိုက်ပါလာသူ ၆၆ ဦးစလုံး သေဆုံး
18-Feb-2018


တီဟီရန်၊ ဖေဖော်ဝါရီ ၁၈

အီရန်နိုင်ငံတွင် ခရီးသည်တင် လေယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်ပေါ် လိုက်ပါလာသူအားလုံး သေဆုံးသွားသည်ဟု ယင်းလေကြောင်း ကုမ္ပဏီမှ အရာရှိများက အတည်ပြု ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

Aseman လေကြောင်းလိုင်းပိုင် ATR 72-500 အမျိုးအစား ဖော်ကာခရီးသည်တင် လေယာဉ်သည် မြို့တော်တီဟီရန်မှ အနောက်တောင်ပိုင်းဒေသရှိ ယာဆုခ်ျမြို့သို့ ပျံသန်းသွားစဉ် ဇာဂရို့စ်တောင်တန်းများပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။ 

သို့အတွက်ကြောင့် လေယာဉ်ပျက်ကျခဲ့ရာ အစ်ဖန်ဟန်ပြည်နယ် ဆီမီရွန်စီတီအနီးတွင် အီရန်ကြက်ခြေနီအဖွဲ့က အသက်ရှင်လျက် ကျန်ရစ်နိုင်သူများကို ရှာဖွေလျက်ရှိကြောင်း အာဏာပိုင်များက ဆိုသည်။ အဆိုပါလေယာဉ်သည် တီဟီရန်လေဆိပ်မှ ပျံတက်သွားပြီးနောက် တစ်နာရီခန့်အကြာတွင် ရေဒါမှ ကွယ်ပျောက်သွားခဲ့သည်။ 

လေယာဉ်မှာ ပြင်သစ်နိုင်ငံလုပ် အင်ဂျင်နှစ်လုံးတပ် အမျိုးအစားဖြစ်ပြီး ဒန်နာတောင်ကုန်းပေါ်သို့ ပျက်ကျသွားခြင်းဖြစ်ကြောင်း Irinn သတင်းဌာနက ဖော်ပြသည်။ 

လေယာဉ်ပေါ်တွင် ခရီးသည် ၆၀ ဦး၊ လုံခြုံရေး အစောင့်နှစ်ဦး၊ လေယာဉ်အမှုထမ်း နှစ်ဦး၊ ပိုင်းလော့နှင့် လက်ထောက်ပိုင်းလော့တို့ပါရှိခဲ့သည်။ 

“ပျက်ကျသည့်နေရာမှာ ရှာဖွေမှုများ အားလုံး ပြုလုပ်ခဲ့ကြပါတယ်၊ အင်မတန် ဝမ်းနည်းစရာ ကောင်းတာက ကျွန်တော်တို့ ချစ်ခင်ရတဲ့သူတွေ အားလုံး (လေယာဉ်ပေါ် လိုက်ပါလာသူအားလုံး) အသက်ဆုံးရှုံးခဲ့ကြရပါတယ်”ဟု လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်တာဘာတာဘီက ပြောကြားသည်။ 

သေဆုံးသွားသူများထဲတွင် ကလေးငယ်တစ်ဦးလည်း ပါဝင်သည်ဟု အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲကပြောကြားသည်။ လေယာဉ်ပျက်ကျပြီးချိန်တွင် ရာသီဥတု ဆိုးရွားနေခြင်းကြောင့် ကယ်ဆယ်ရေး အဖွဲ့များအနေနှင့် ပျက်ကျရာနေရာသို့ ရဟတ်ယာဉ်ဖြင့် သွားရမည့်အစား ကုန်းလမ်းမှ သွားရောက်ခဲ့ကြရသည်ဟု ၎င်းကဆိုသည်။ 

အီရန်နိုင်ငံသည် လတ်တလောနှစ်များအတွင်း လေယာဉ် မတော်တဆမှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသလို ယခုပျက်ကျခဲ့သည့် လေယာဉ်မှာလည်း သက်တမ်း အိုမင်းနေသည့် လေယာဉ်ဖြစ်သည်ဟု သတင်းများကဆိုသည်။ 

အီရန်သည် နိုင်ငံတကာ ဒဏ်ခတ် အရေးယူမှုများ ခံနေရခြင်းကြောင့် နိုင်ငံအတွင်း အသုံးပြုနေသော လေယာဉ်များကို ပြုပြင်ထိန်းသိမ်းရာတွင် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်။ သို့သော် ၂၀၁၅ ခုနှစ်တွင် အီရန်နှင့် အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများအကြား နျူကလီးယား သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပြီးနောက် ဒဏ်ခတ် အရေးယူမှုအချို့ ပယ်ပျက်သွားခဲ့သည်။ 

ယခုပျက်ကျခဲ့သည့် လေယာဉ်ကို ပိုင်ဆိုင်သော Aseman လေကြောင်းလိုင်း မှာ အီရန်တွင် တတိယ အကြီးဆုံး လေကြောင်းလိုင်းဖြစ်ပြီး အလတ်စားခရီးသည်တင် 737 အမျိုးအစားအစင်း ၃၀ ဝယ်ယူ-ရန် ယမန်နှစ်က ဘိုးအင်းလေယာဉ်ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးထားကြောင်း သိရသည်။ 

F-01