News

POST TYPE

LATEST NEWS POST

ကရင်ပြည်နယ်အတွင်း လမ်းပိုင်းသုံးခု ယခုလအတွင်း ဖွင့်လှစ်မည်
16-Feb-2018

ဘားအံ၊ ဖေဖော်ဝါရီ ၁၅

ကရင်ပြည်နယ်အတွင်း ဖောက်လုပ်နေသည့်လမ်းများအနက်မှ လမ်းအပိုင်းသုံးခုကို ယခုလအတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ်၊ လမ်းဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

လမ်းအပိုင်းများအနေနှင့် ဘားအံခရိုင်မှ လမ်းအပိုင်းတစ်ခုဖြစ်သည့် လှိုင်းဘွဲ့ - ရှမ်းရွာသစ်လမ်းနှင့် ကော့ကရိတ်ခရိုင်မှ လမ်းအပိုင်းနှစ်ခုဖြစ်သည့် ကြာအင်း ဆိပ်ကြီး - ဘုရားသုံးဆူလမ်း၊ ဇာသပြင် - ကျားကလေးလမ်းတို့ကို ယခုလအတွင်း ဖွင့်လှစ်သွားနိုင်မည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။ 

“ဖေဖော်ဝါရီလ ၂၀ ရက်နောက်ပိုင်း ဖွင့်လှစ်နိုင်အောင် အပြီးသတ်လုပ်ငန်းတွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ လှိုင်းဘွဲ့ - ရှမ်းရွာသစ်လမ်း အခုလောလောဆယ် ဇာသပြင်-ကျားကလေးလမ်းတွေကို ဆက်လက် အချောသတ်လုပ်ဆောင်နေပါတယ်။ ကျန်ပြည်နယ်တွင်း လမ်းပိုင်းတွေကို ပြီးစီးအောင် ကရင်ပြည်နယ် လမ်းမတွေကိုလည်း ကွန်ရက်ချိတ်ဆက် ဖောက်လုပ်နေပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ကရင်ပြည်နယ် လမ်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးစောသောင်းဟန်စိုးက ပြောကြားသည်။

၂၀၁၂ မှ ၂၀၁၈ ခုနှစ်အထိ ဖောက်လုပ်သော ယင်းလမ်းများအနက် ဇာသပြင် - ကျားကလေးလမ်းမှာ ၃၄ ဒသမ ၈၅ ကီလိုမီတာရှည်ပြီး ကတ္တရာလမ်းအမျိုးအစားဖြစ်ကာ ပေ ၅၀ အောက် တံတား ၁၈ စင်းပါဝင်ပြီး၊ လှိုင်းဘွဲ့ - ရှမ်းရွာသစ်လမ်းမှာ အရှည် ၂၁ ဒသမ ၆ ကီလိုမီတာ ကတ္တရာလမ်း အမျိုးအစားဖြစ်ပြီး ပေ ၅၀ အောက် တံတား ၆၁ စင်း၊ ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူလမ်းပိုင်းကို အရှည် ၆၅ ဒသမ ၄၇ ကီလိုမီတာ ကွန်ကရစ်လမ်းခင်းပြီးဖြစ်ပြီး ၂၀ ဒသမ ၉ ကီလိုမီတာမှာ ကတ္တရာလမ်းဖြစ်ကာ ပေ ၅၀ အောက် တံတား ၄၃၈ စင်း ပါဝင်ကြောင်း ကရင်ပြည်နယ် လမ်းဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

“ကြာအင်းဆိပ်ကြီးကနေ ဘုရားသုံးဆူရောက်ဖို့ဆို အရင်ကဆို တစ်ညအိပ်လောက်သွားရတယ်။ အပစ်ရပ်ပြီးနောက်ပိုင်းမှာ ဒီခရီးက တစ်နေ့ခရီးဖြစ်လာတယ်။ ဒီလမ်းပြီးသွားပြီးဆိုရင် သုံးနာရီလောက်နဲ့ ခရီးရောက်မယ်လို့တော့ မျှော်လင့်မိပါတယ်”ဟု အသက် ၄၀ အရွယ် တခွန်တိုင်ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

ဒေသချင်းဆက်၊ ကျေးရွာချင်းဆက်၊ ပြည်နယ်ချင်းဆက်လမ်းများ ဖောက်လုပ်ရာတွင် ယခင်က တိုင်းရင်းသားလက်နက်ကိုင် နယ်မြေဖြစ်သည့်အတွက် အခက်အခဲအချို့ရှိခဲ့သော်လည်း ယခုအခါတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ညှိနှိုင်းနားလည်မှုများ ပိုမိုရရှိလာသည့်အတွက် လမ်းကွန်ရက်များ ဖော်ဆောင်ရာတွင် ပိုမိုသွက်လက်မှုရှိလာကြောင်း ကရင်ပြည်နယ်၊ လမ်းဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

R-17