News

POST TYPE

LATEST NEWS POST

ရန်ကုန်ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အကြီးအကဲ နုတ်ထွက်
14-Feb-2018 tagged as YBS YRTA

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ 

ရန်ကုန်တိုင်းအစိုးရအဖွဲ့က YBS ယာဉ်လိုင်းများကို စည်းကမ်းပိုင်းနှင့်ပတ်သက်၍ လုပ်ကိုင်ရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ CEO (အုပ်ချုပ်မှု ဒါရိုက်တာအဖြစ်) ခန့်အပ်ထားသည့် ဦးစောဘိုဘိုသည် ငါးလခန့် တာဝန်ယူပြီးနောက် နုတ်ထွက်စာ တင်ထားပြီးဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

“သူက တိုင်းအစိုးရအဖွဲ့မှာ နုတ်ထွက်စာ လာတင်သွားတာပါ။ တင်ထားတာ ရက်ပိုင်းလေးပဲ ရှိပါသေးတယ်ဆိုတာတော့ သေချာမသိသေးဘူး”ဟု YRTA အဖွဲ့၏ အကြီးတန်း တာဝန်ရှိသူက ဆိုသည်။

YRTA အဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလက CEO ဦးစောဘိုဘိုကို ခန့်အပ်ခဲ့ပြီး YBS ယာဉ်လိုင်းကုမ္ပဏီများကို စည်းကမ်းထိန်းသိမ်းသည့်အပြင် တစ်ဦးပိုင် ကုမ္ပဏီအဖြစ် ဖွဲ့စည်းခြင်းကို တာဝန်ယူလုပ်ကိုင်ကြောင်း YRTA ထံမှ သိရသည်။ 

အသစ်ခန့်အပ်လိုက်သော YRTA အဖွဲ့၏ CEO သည် တစ်လကျော်အတွင်း YBS ယာဉ်လိုင်းတာဝန်ခံ ကုမ္ပဏီများကို အများပိုင်ကုမ္ပဏီအဖြစ် ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ရေရှည်ရပ်တည်နိုင်ရန် စီမံဆောင်ရွက်မည်ဖြစ်ကြောင်း၊ စည်းကမ်းဖောက်သည့် ကုမ္ပဏီများကို အရေးယူခြင်းဆိုင်ရာများကိုပါ ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့၊ ကရင်လူမျိုး တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောကြားခဲ့သည်။

“ဦးစောဘိုဘိုက အစိုးရအဖွဲ့ထဲက လူကိုပဲ ခန့်ခဲ့တာ မဟုတ်ဘူး။ အပြင်က ပညာရှင်ပါ”ဟု ၎င်းက ဆိုသည်။

၎င်းတာဝန်ယူစဉ် ကာလအတွင်း ခရီးသည်များကို ဝန်ဆောင်မှု မပေးနိုင်ခြင်း၊ တိုင်ကြားစာများပြားခြင်း၊ ယာဉ်လုပ်သားများ ယာဉ်စည်းကမ်းချိုးဖောက်မှုများခြင်း၊ YRTA ၏ ခွင့်ပြုချက်မရှိဘဲ ယာဉ်သစ်များ တိုးချဲ့ပြေးဆွဲခြင်းနှင့် ခရီးစဉ်အသစ်များ တိုးချဲ့ပြေးဆွဲခြင်း စသည့် စည်းကမ်းဖောက်မှုများကြောင့် နိုဝင်ဘာလ ၈ ရက်တွင် ခေတ်သစ်ငြိမ်းချမ်းရေး အများပိုင်ကုမ္ပဏီကို Bus Operator တာဝန်မှ ရပ်စဲခဲ့သည်။

YBS ယာဉ်လိုင်းကုမ္ပဏီများ စတင်ပြေးဆွဲခဲ့စဉ်က အစုအဖွဲ့ ကုမ္ပဏီအဖြစ် ပြေးဆွဲနေသည့် ကုမ္ပဏီ ၃၂ ခုရှိပြီး အများပိုင်ကုမ္ပဏီမှာ ၁၇ခုသာရှိခဲ့ရာမှ YBS တစ်နှစ်ပြည့်ပွဲတွင် အများပိုင်ကုမ္ပဏီ ၂၂ ခုအထိ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ကြောင်း၊​ YRTA အဖွဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစောဘိုဘိုက ရှင်းလင်း ပြောကြားခဲ့သည်။

လက်ရှိ CEO အဖြစ်မှ နုတ်ထွက်စာတင်ခြင်းနှင့်ပတ်သက်၍ YRTA အဖွဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးစောဘိုဘိုကို ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍မရပေ။

ဦးစောဘိုဘိုသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျန်းမာရေး မကောင်းသဖြင့် ဆေးခွင့်တစ်ပတ်တင်ထားသည်ကိုသိရှိရပြီး လက်ရှိတွင် နုတ်ထွက်သွားပြီဆိုသည်မှာ အတည်ပြု မသိသေးကြောင်း ယာဉ်လိုင်းတာဝန်ခံတစ်ဦးက ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းက Yangon Bus Service – YBS ၏ လူမှုကွန်ရက် စာမျက်နှာတွင် “ဘာကြောင့် နုတ်ထွက်တယ်ဆိုတာ မသိပေမယ့် လူတော်တစ်ယောက် နစ်နာဆုံးရှုံးရတာတော့ အထိနာမိပါတယ်။ YBS စနစ်ကြီး ပိုမိုကောင်းမွန်အောင် စီမံရင်း အခုလို ရုတ်တရက် နှုတ်မဆက်ဘဲ နုတ်ထွက်သွားတော့ YBS အဖွဲ့သူ၊ အဖွဲ့သား အားလုံးရဲ့ ကိုယ်စား စိတ်မကောင်းဖြစ်ရပါတယ်”ဆိုသည့် YBS CEO စောဘိုဘို နုတ်ထွက်ခြင်းဟူသောခေါင်းစဉ်ဖြင့် မင်းလှအောင်အောင် အမည်ရှိသူက ရေးသားထားသည်။

J-06