News

POST TYPE

LATEST NEWS POST

မြွေတောင်၊ ဖားတောင်မှ ကျောက်များခိုးထုတ်နေမှု အစိုးရထံ တင်ပြမည်
14-Feb-2018 tagged as ကလေးမြို့


ကလေး၊ ဖေဖော်ဝါရီ ၁၄

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အတွင်းရှိ မြွေတောင်၊ ဖားတောင်မှ ကျောက်များကို ခိုးထုတ်မှုများ ရှိနေသည့်အတွက် လေ့လာတွေ့ရှိချက်များကို အစိုးရအဖွဲ့ထံ တင်ပြမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးခဲ့သည့် အရပ်ဘက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပြောကြားသည်။

ကိမ်းလိုင်ကျေးရွာနှင့် ကံအောင် ကျေးရွာအကြားရှိ မြွေတောင်ပေါ်မှ ကျောက်များကို လူအင်အားဖြင့်တူးဖော်ကာ တောင်ခြေထိ သယ်ယူထားမှုများကို တွေ့ရှိရသည့်အပြင် တောင်ခြေရှိ ကျောက်များ ပုံသည့်နေရာအထိ မြေထိုးကားဖြင့် ကားလမ်းဖောက်ထားသည်ကိုလည်း တွေ့ရှိခဲ့ ရကြောင်း၊ စုံစမ်းမှုအရ ငွေကြေးတတ် နိုင်သူများက မသိနားမလည်သည့် ဒေသခံများကို ကျောက်တစ်ကျင်းလျှင် ကျပ်တစ်သိန်းကျော် ပေးမည်ဟုဆိုကာ စည်းရုံးလုပ်ဆောင်ခိုင်းမှုများ ရှိနေကြောင်း ကွင်းဆင်းလေ့လာခဲ့သည့် ချင်းတောင် သဘာဝ သယံဇာတ လေ့လာစောင့်ကြည့်ရေးအဖွဲ့ မှ ဒါရိုက်တာ ဦးတွောင်က ပြောကြားသည်။

“ဒီကြားထဲမှာ ဆက်လက်ပြီး လုပ်နေတယ်ဆိုရင် ဥပဒေရဲ့ အရေးယူမှုရအောင် လုပ်သွားမယ်။ လောလောဆယ်တော့ အသိပေးတဲ့ အနေအထား လုပ်ထားတယ်”ဟု ၎င်းကဆိုသည်။ 

ချင်းတောင် သဘာဝ သယံဇာတ လေ့လာစောင့်ကြည့်ရေးအဖွဲ့နှင့် အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက်မှ အဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မြွေတောင်သို့ သွားရောက်လေ့လာ စုံစမ်းခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ မြွေတောင်၊ ဖားတောင်သည် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် နယ်နိမိတ်အစပ် ချင်းပြည်နယ်အတွင်း တည်ရှိသည့်အတွက် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ထံ တွေ့ရှိထားချက်များကို တင်ပြမည်ဖြစ်ကြောင်း အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက် ဒါရိုက်တာ ဦးကျော်သက်ဝင်းက ပြောကြားသည်။

မြွေတောင်၊ ဖားတောင်ပေါ်တွင် သတ္တု ရိုင်းသိုက်သုံးနေရာရှိပြီး ပျမ်းမျှနီကယ်ပါဝင်မှု ၁ ဒသမ ၄ ရာခိုင်နှုန်းရှိသော သတ္တုရိုင်း စုစုပေါင်း မက်ထရစ်တန်ချိန် ၄၂,၂၁၀,၀၀၀ ခန့်ရှိသည်။

R-20