News

POST TYPE

LATEST NEWS POST

ပြည်ပသို့ မြွေဆိပ်ဖြေဆေး အလုံးရေတစ်သောင်း တင်ပို့မည်
14-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းက လာအိုနှင့်ကမ္ဘောဒီးယားသို့ ဖေဖော်ဝါရီလအတွင်း မြွေဆိပ်ဖြေဆေး အလုံးရေတစ်သောင်း တင်ပို့မည်ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ပြောကြားသည်။

“ဒါက ပုံမှန်ဈေးကွက်ကနေ ပို့လို့ရတဲ့အနေအထား မဟုတ်ဘူးပေါ့။ သူတို့ဘက်က ကျန်းမာရေးဝန်ကြီးဌာနဲ့ FDA ညှိနှိုင်းတယ်”ဟု ၎င်းက ရှင်းပြသည်။

မြန်မာ့ဆေးဝါးလုပ်ငန်းအနေနှင့် ၂၀၁၆-၂၁၀၇ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမှာစာ ရှစ်သောင်းကို ပြည့်မီစွာ ထုတ်လုပ်ပေးနိုင်ခဲ့ပြီး ယခုအခါ မြွေဆိပ်ဖြေဆေးကို နိုင်ငံအတွင်းလိုအပ်ချက်ထက် ပိုမိုထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းထံမှ သိရသည်။

အဆိုပါ မြွေဆိပ်ဖြေဆေးထုတ်လုပ်သည့် အဆောက်အအုံကို ၂၀၁၅-၁၆ တွင် တည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် မေလ ၂၀ ရက်နေ့တွင် ကမ္ဘာ့အဆင့်မီ မြွေဆိပ်ဖြေဆေးထုတ်လုပ်မှု အဆောက်အအုံကို ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုနောက်ပိုင်းတွင် Bivalent ဟုခေါ်သည့် မြွေပွေး၊ မြွေဟောက် အဆိပ်ကိုဖြေနိုင်မည့် မြွေဆိပ်ဖြေဆေးကိုပါ ထုတ်လုပ်ရန် လုပ်ဆောင်လျက်ရှိကြောင်း ဦးကိုကိုအောင်က ဖြည့်စွက်ပြောကြားသည်။

“ဒီနှစ်အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မြွေဆိပ်ဖြေဆေး ခြောက်သောင်းလောက် အမှာစာရှိနေတယ်။ ကျွန်တော်တို့ကတော့ ဒီနှစ်လည်း ပုံမှန်ဆိုရင်တော့ တစ်သိန်းမှန်းထားပါ တယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းမြွေဆိပ်ဖြေဆေး လိုအပ်ချက်က ရှစ်သောင်းလို့ သိထားတယ်။ ဒီထက် ပိုထုတ်လိုက်မယ်ဆိုရင်လည်း ကျွန်တော်တို့မှာ စတော့တွေ ကျန်သွားလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီလအတွင်းကလည်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘောဒီးယားသို့ မြွေဆိပ်ဖြေဆေးများ တင်ပို့ခဲ့ဖူးကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းထံမှ သိရသည်။

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်) သည် ဆေးဝါး ၁၉၇ မျိုးကို ထုတ်လုပ်လျက်ရှိပြီး ထပ်မံ၍လည်း ဆေးဝါးအသစ်များကို တိုးမြှင့်ထုတ်လုပ်သွားရန် စီစဉ်လျက်ရှိကြောင်း ယင်းစက်ရုံထံမှ သိရသည်။

J-12


  • VIA