News

POST TYPE

LATEST NEWS POST

ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍဖွံ့ ဖြိုးရေး ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၄၈ ဘီလီယံကျော်လိုအပ်
14-Feb-2018



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ ဖွံ့ ဖြိုးတိုးတက်မှုအတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၈ ဘီလီယံကျော် လိုအပ်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယအထွေထွေမန်နေဂျာ ဒေါက်တာမျိုးငြိမ်းအေးက ပြောကြားသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် ၂၀၁၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ လိုအပ်နေခြင်းဖြစ်ပြီး ယင်းပမာဏအတိုင်း ရင်းနှီးမြှုပ်နှံမှု ရရှိမည်ဆိုပါက ပို့ဆောင်ရေးအတွက်သုံးရသည့် ကုန်ကျစရိတ်ကို ၃၀ ရာခိုင်နှုန်းလျှော့ချနိုင်မည်ဖြစ်ကာ လူပေါင်း ၁၀ သန်းနီးပါးမှာ အခြေခံလမ်း အသုံးပြုမှု ရရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေကို အစိုးရပိုင်းက ဖွင့်ပေးထားတဲ့အတွက် နောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေလည်း တိုးလာမယ်။ လုပ်စရာကဏ္ဍတွေလည်း တိုးလာမယ်ထင်ပါတယ်။ အဲဒါကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုပွဲတွေမှာ အစိုးရကတော့ ဒါတွေလုပ်နေတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ လိုတယ်ဆိုတာ သွားပြီးရှင်းပြတာတွေ လုပ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပို့ဆောင်ရေးကဏ္ဍတစ်ခုလုံးအတွက် ဆောင်ရွက်နေသည့် စီမံကိန်းပေါင်း ၁၄၂ ခုရှိပြီး ကဏ္ဍအားလုံးအနက် ရေကြောင်းပို့ဆောင်ရေးမှာ ဖွံ့ဖြိုးမှုအနည်းဆုံး ဖြစ်နေသည့်အတွက် ရန်ကုန်ဆိပ်ကမ်းတစ်ခုတင်မကဘဲ အခြားသောပြည်နယ်များရှိ ဆိပ်ကမ်းများလည်း အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဖြစ်စေရန် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလအထိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားကုမ္ပဏီ ၅၄ ခု ဝင်ရောက်ရင်းနှီးမြှုပ်နှံထားပြီး အမေရိကန်ဒေါ်လာ သန်းရှစ်ထောင်ကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရသိရသည်။

လက်ရှိတွင် ဂျပန်၊ တရုတ်နှင့်ကိုရီးယားနိုင်ငံတို့က ပို့ဆောင်ရေးကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံနေကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

J-13

  • VIA