News

POST TYPE

LATEST NEWS POST

ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားရုပ်တု ရန်ကုန်တွင် စိုက်ထူ
14-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ တက္ကသိုလ်ကျောင်းသားဘဝပုံစံ ရုပ်တုကို ရန်ကုန်မြို့ သာကေတမြို့နယ်တွင် စိုက်ထူခဲ့ပြီး တစ်နိုင်ငံလုံးတွင် တစ်ခုတည်းသာရှိကြောင်း ရုပ်တုဖြစ်မြောက်ရေးကော်မတီဝင် ကိုအောင်ငြိမ်းကျော်က ပြောကြားသည်။

နိုင်ငံအနှံ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို တပ်မတော်သားဝတ်စုံဖြင့် စိုက်ထူခဲ့သော်လည်း ယနေ့ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တွင်မူ အရပ်သားဝတ်စုံဝတ်ဆင်ထားသည့် တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းပုံတူ ရုပ်တုကို သာကေတမြို့နယ် မြကန်သာပန်းခြံတွင် စိုက်ထူခဲ့ကြောင်း သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဦးကျော်ထွေးက ပြောကြားသည်။

အဆိုပါရုပ်တုကို သာကေတမြို့နယ် မြကန်သာပန်းခြံတွင် စိုက်ထူထားပြီး ဗိုလ်ချုပ်အောင်ဆန်း အသက် ၁၀၃ နှစ် ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၁၃ ရက်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

“တစ်နိုင်ငံလုံးမှာက ဗိုလ်ချုပ်အောင်ဆန်းရဲ့ စစ်ဝတ်တွေ၊ ယူနီဖောင်းတွေနဲ့သာ မြင်တွေ့ခဲ့ရတယ်။ အဲဒါကြောင့် သာကေတမှာ ပုံထုတဲ့အခါမှာ အရပ်ဝတ်စားနဲ့ရှာဖွေခဲ့ကြတဲ့အခါ ကျောင်းသားသမဂ္ဂပုံကိုရှာပြီး ပုံတူထုဖြစ်သွားပါတယ်”ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌတာဝန် ယူစဉ်က ဝတ်ဆင်ထားသော အဝတ်အစားဖြင့် ထုလုပ်ထားသည့် ကိုအောင်ဆန်း၏ ပုံတူကြေးရုပ်ထုဖွင့်ပွဲတွင် ဦးကျော်ထွေးက ပြောကြားသည်။

အဆိုပါရုပ်တုနှင့်ပတ်သက်၍ နောင်လာမည့်ကျောင်းသားများ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ကြိုးစားပါက နိုင်ငံ့ခေါင်းဆောင်ဖြစ်နိုင်သည့်ကို အတုယူရန် ထုလုပ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်ထုဖြစ် မြောက်ရေးကော်မတီဝင် ကိုအောင်ငြိမ်းကျော်က ပြောကြားသည်။

ဗိုလ်ချုပ်ရုပ်တုဖြစ်မြောက်ရန် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ ခွင့်ပြုချက်တောင်းခံခဲ့ပြီး၂၀၁၇ ခုနှစ်၊ မေလ ၁၃ ရက်က ခွင့်ပြုချက်ရရှိခဲ့ကြောင်း၊ ယင်းနောက် အမြင့်ရှစ်ပေခွဲ၊ အောက်ခြေ ၄ ပေ၊ ကြေးပိဿာ ချိန် ၂၅၀ ရှိ အဆိုပါရုပ်တုကို မန္တလေး၌ထုလုပ်ခဲ့ကြောင်း ရုပ်တုဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်းနိုင်က ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း အသက် (၁၀၃) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်နေ့တွင် ရန်ကုန်တိုင်းအတွင်း သာကေတမြို့နယ်မှအပြန် မြောက်ဒဂုံ၊ ကော့မှူး၊ တိုက်ကြီးမြို့နယ်များ အပါအဝင် တောင်ငူမြို့၊ ကလေးမြိုနှင့် ပလိပ်မြို့တို့တွင် တပ်မတော်ဝတ်စုံဝတ် ဗိုလ်ချုပ်ကြေးရုပ်ထုများကို ဖွင့်လှစ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက“သာကေတမှာဖွင့်တဲ့ ဗိုလ်ချုပ်ရုပ်တုပုံက ကျောင်းသားသမဂ္ဂ ဘဝကပုံကတော့ တစ်နိုင်ငံလုံးမှာ ဒီရုပ်ထုက တစ်ခုထဲရှိတယ်။ တစ်နိုင်ငံလုံး ဗိုလ်ချုပ်ကြေးရုပ်တု ဘယ်လောက်ရှိလည်း မသိဘူး။ NLD အစိုးရလက်ထက်မှ ဗိုလ်ချုပ်ကြေးသွန်းရုပ် ဘယ်နှခုရှိလဲ စာရင်းကောက်ထားတာ မရှိဘူး”ဟု ဆိုသည်။

J-18

  • VIA