News

POST TYPE

LATEST NEWS POST

မန္တလေးတွင် ဒေါ်အောင်ဆန်းစုကြည်ရုပ်တု စိုက်ထူမည်
13-Feb-2018


မန္တလေး၊ ဖေဖော်ဝါရီ ၁၃

မဟာအောင်မြေမြို့နယ် ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုံတူရုပ်တု စိုက်ထူမည်ဖြစ်ကြောင်း ရုပ်တုဖြစ်မြောက်ရေး ဦးဆောင်နေသူများထံမှ သိရသည်။ 

“လက်ရှိမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူနိုင်ခဲ့တယ်။ ခုလိုဆောင်ရွက်တာဟာ နောင်မျိုးဆက်များအနေနဲ့ ဗိုလ်ချုပ်ရဲ့ ဂုဏ်ကျေးဇူးတွေကို တန်ဖိုးထားတတ်ဖို့၊ ဗိုလ်ချုပ်လို တွေးခေါ်မြော်မြင်နိုင်စွမ်းရှိဖို့ ရည်ရွယ်ပြီးလုပ်တာ။ ဗိုလ်ချုပ်လိုပဲ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကိုလည်း စိုက်ထူမှာဖြစ်တယ်”ဟု ကံတက်ကုန်း မစိုးရိမ်ကျောင်းဆရာတော် အရှင်တေဇောဘာသက မိန့်ကြားသည်။ 

ယင်းကျောင်းတိုက်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၃ နှစ်ပြည့်မွေးနေ့ ကျင်းပခဲ့ကာ အင်္ဂတေဖြင့် ပြုလုပ်ထားသော ထိုင်လျက်ပုံ ဗိုလ်ချုပ်ရုပ်တု စိုက်ထူခဲ့သည်။

“မြန်မာ့သမိုင်းကိုပြန်ကြည့်ရင် တစ်တိုင်းပြည်လုံးကနေ အဖေလို့ခေါ်တာ ဗိုလ်ချုပ်အောင်ဆန်းရှိတယ်။ အမေလို့ခေါ်ခံရတဲ့လူပုဂ္ဂိုလ် နှစ်ယောက်ရှိတယ်။ တစ်ယောက်က သတင်းစာဆရာ၊ စာရေးဆရာ လူထုဒေါ်အမာ၊ နောက်တစ်ယောက်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်”ဟု ကံတက်ကုန်း မစိုးရိမ်ကျောင်း ဆရာတော်က ထပ်မံမိန့်ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ရုပ်တုကိုလည်း အင်္ဂတေဖြင့် ပြုလုပ်မည်ဖြစ်ကာ ယခုနှစ်အတွင်း ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင်ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု အောက်ခံခုံတွင် ကဗျာစာဆို မင်းသုဝဏ်၏ မွေးနေ့ဆုတောင်း၊ တင်မိုး၊ ဒေါ်အောင်ဆန်းစုကြည်၊ မောင်စွမ်းရည်တို့၏ကဗျာများ၊ မဃဒေဝကဗျာများ ရေးထိုးထားသည်။

ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူခဲ့သကဲ့သို့ မန္တလေးမြို့တွင်း၌လည်း အရပ်ဘက် လူမှုအဖွဲ့အစည်းများက ဗိုလ်ချုပ်အောင်ဆန်း ၁၀၃ နှစ်ပြည့် မွေးနေ့ အမှတ်တရအဖြစ် ပဲပြုတ်နှင့်နံပြား ကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

M-01