News

POST TYPE

LATEST NEWS POST

ကမ္ဘောဒီးယားတွင် ကမ္ဘာလှည့်ခရီးသည် ခုနစ်ဦးကို လိင်ဖျော်ဖြေရေးရုပ်ရှင် ရိုက်ကူးသည်ဟု စွပ်စွဲကာ ပြည်နှင်ဒဏ်ပေး
13-Feb-2018 tagged as နိုင်ငံတကာ


ဖနွမ်းပင်၊ ဖေဖော်ဝါရီ ၁၃

ကမ္ဘောဒီးယားနိုင်ငံတွင် လိင်ဖျော်ဖြေရေးရုပ်ရှင် ရိုက်ကူးသည်ဟု စွပ်စွဲခံရသော နိုင်ငံခြားသားခရီးသွား ဆယ်ဦးအနက်မှ ခုနစ်ဦးကို ပြည်နှင်ဒဏ်ပေးလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံအနောက်မြောက်ပိုင်း ဆီရမ်ရိဒ်ရှိ ပါတီပွဲတစ်ခုတွင် လိင်မှုကိစ္စပြုလုပ်နေပုံ ရသောသူများ၏ ဓာတ်ပုံများ ထွက်ပေါ်လာပြီးနောက် ထိုလူစုကို ဇန်နဝါရီလအတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါခရီးသွားဧည့်သည် လူစုအနက်မှ ယူကေ၊ နယူးဇီလန်နှင့် ကနေဒါ နိုင်ငံသားများဖြစ်ကြသော ခုနစ်ဦးသည် ယခင်အပတ်က အာမခံရခဲ့ပြီးနောက် ယခုတိုင်းပြည်တွင်းမှ ထွက်ခွာသွားရတော့မည်ဖြစ်သည်။

အခြားသုံးဦး (ယူကေ၊ နော်ဝေး၊ နယ်သာလန် နိုင်ငံသားများ) မှာမူ ပါတီပွဲစီစဉ်မှုဖြင့် တရားစွဲဆိုခြင်းကို ရင်ဆိုင်ကြရမည်ဖြစ်သည်။

၎င်းတို့ ဆယ်ဦးစလုံးက စွပ်စွဲချက်များကို ငြင်းဆိုခဲ့ကြပြီး ၎င်းတို့သည် ကိုယ်လုံးတီး မဟုတ်ကြောင်းနှင့် မည်သည့်အပြာရုပ်ရှင်ကိုမှ ရိုက်ကူးခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့ကြသည်။

၎င်းတို့အနက်မှ ခုနစ်ဦးမှာ ၎င်းတို့အပေါ် စွဲချက်များကို တရားရုံးက ရုပ်သိမ်းခြင်းမပြုသော်လည်း ကမ္ဘောဒီးယားမှ ထွက်ခွာကြရန်နှင့် နောက်နောင်တွင် ပြန်မလာကြရန် ပြည်နှင်ဒဏ်ပေးခြင်း ခံရသည်။

အွန်လိုင်းတွင် ထွက်ပေါ်လာသော ဓာတ်ပုံများတွင် ပါတီပွဲကျင်းပရာ ဗီလာအတွင်း မလုံ့တလုံနှင့် ရေကူးဝတ်စုံ ဝတ်ဆင်ထားသော စုံတွဲများစွာကို တွေ့မြင်ကြရသည်။

ဆီရမ်ရိဒ်သည် နာမည်ကျော် အန်ကာဝပ် ဘုရားကျောင်းသို့သွားရာ လမ်းကြောင်းပေါ်မှ အဓိက ဝင်ပေါက်မြို့တော်ဖြစ်သည်။

ကမ္ဘောဒီးယား၏ ရှေးရိုးစွဲ ယဉ်ကျေးမှုသည် တစ်ခါတစ်ရံတွင် နိုင်ငံခြားဧည့်သည်များနှင့် မအပ်စပ်သော်လည်း ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း တစ်ဦးချင်း ခရီးသွား ဧည့်သည်များအကြား ရေပန်းစားလာမှုနှင့်အတူ ဆီရမ်ရိဒ်မြို့တော်၏ ညပိုင်း ပျော်စရာရှုခင်းများမှာ မြန်ဆန်စွာ ဖွံ့ဖြိုးလာခဲ့သည်။

F-04