News

POST TYPE

LATEST NEWS POST

မန္တလေးတောင် ကေဘယ်လ်ကားစီမံကိန်း လူမှုဘဝဆန်းစစ်ခြင်းလုပ်ငန်းပြီးစီး
13-Feb-2018



မန္တလေး၊ ဖေဖော်ဝါရီ ၁၂

မန္တလေးတောင်ခြေမှ တောင်ပေါ်သို့ အတက်အဆင်းပြုလုပ်နိုင်မည့် ကေဘယ်လ်ကားစီမံကိန်းအတွက် လူမှုဘဝ ဆန်းစစ်ခြင်းလုပ်ငန်းများ (HIA) ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်မည့် Sky Dream Co., Ltd. ထံမှ သိရသည်။

အဆိုပါစီမံကိန်းနှင့် ပတ်သက်သည့် အသေးစိတ်အစီရင်ခံစာကို ယခုနှစ် ပထမခြောက်လပတ်အတွင်း မန္တလေးတိုင်းအစိုးရအဖွဲ့ထံ တင်ပြမည်ဟု Sky Dream Co., Ltd. ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးစိုးနိုင်က ပြောကြားသည်။

ကေဘယ်လ်ကားစီမံကိန်း ပြုလုပ်ရာတွင် ကြုံတွေ့လာနိုင်မည့် လူမှုဘဝ ဆန်းစစ်ခြင်းလုပ်ငန်းများ (HIA)၊ သဘာဝပတ်ဝန်းကျင်ဆန်းစစ်ခြင်း (EIA) လုပ်ငန်းများအနက် လက်ရှိအချိန်တွင် HIA လုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ကာ EIA လုပ်ငန်းများကို စက်တင်ဘာ နောက်ဆုံးပတ်ကစ၍ ဆက်လက်လုပ်ဆောင်နေသည်ဟု ၎င်းက ပြောဆိုသည်။

“သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ လေ့လာဆန်းစစ်မှုတွေကို ပြင်ပကုမ္ပဏီတစ်ခုကို ငှားရမ်းဆောင်ရွက်နေပါတယ်။ ဒါတွေပြီးမှ အစိုးရကိုတင်ပြမယ်။ အဲဒီအစီရင်ခံစာထဲမှာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် တတ်နိုင်သလောက် ဘာတွေ လုပ်မလဲဆိုတာတွေပါမယ်။ အသေးစိတ် မပြီးသေးပါဘူး”ဟု ဦးစိုးနိုင်က ထပ်မံပြောကြားသည်။

စီမံကိန်း အကောင်အထည်ဖော်ပြီးပါက ပြည်တွင်းပြည်ပ ခရီးသွားတိုးတက်လာမည်ဖြစ်ရာ မန္တလေးတောင် ဂေါက်ကွင်းအရှေ့ဘက်မှ မန္တလေးတောင်ပေါ် ကားရပ်နားကွင်းနေရာအနီးအထိ ကေဘယ်လ်ကားပြေးဆွဲရန် ရည်ရွယ်ထားကြောင်း၊ လျှပ်စစ်စွမ်းအင်ကို အသုံးပြုရမည်ဖြစ်၍ စီမံကိန်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ၂၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ စီမံကိန်းပြီးစီးပါက လူဦးရေ ၂၀၀ ခန့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း ကေဘယ်လ်ကားစီမံကိန်း လုပ်ငန်းစီမံချက်များအရ သိရသည်။

အစိုးရအဖွဲ့အနေနှင့် ကေဘယ်လ်ကားစီမံကိန်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်း၊ စီမံကိန်းနှင့်ပတ်သက်သည့် သဘာဝပတ်ဝန်းကျင် ဆန်းစစ်ချက်များ၊ လူမှုဘဝဆန်းစစ်ချက်များကို လေ့လာဆန်းစစ်၍ တင်ပြရန်သာ ပြောဆိုထားသည့် အဆင့်သာရှိကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောကြားသည်။

မန္တလေးတောင်ပေါ်သို့ စောင်းတန်းလေးသွယ်မှ တက်ရောက်နိုင်သည့်အပြင် ကားအတက်၊ အဆင်းလမ်းနှင့် ဓာတ်လှေကားလည်းရှိနှင့်ပြီးဖြစ်ကာ တောင်ခြေနှင့် တောင်ပေါ်တွင် သာသနိကအဆောက်အအုံပေါင်းများစွာရှိကြောင်း၊ ဆရာတော်ကြီးများ သီတင်းသုံးခဲ့သည့် ကျောင်းတော်ကြီးများရှိနေသောကြောင့် စီးပွားရေးသဘောသက်ဝင်သည့် ကေဘယ်လ်ကားတပ်ဆင်ရန် မလိုအပ်ကြောင်း မန္တလေးမြို့ခံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းအချို့က ပြောဆိုကြသည်။

M-05