News

POST TYPE

LATEST NEWS POST

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ သုတမျှဝေပွဲ ကျင်းပမည်
07-Feb-2018



မန္တလေး၊ ဖေဖော်ဝါရီ ၆

မန္တလေးမြို့တော်ရှိ ဇာတိမာန် လူငယ်စာဖတ်အသင်းအနေနှင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ၁၀၃ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် သုတမျှဝေခြင်းပွဲတော် ကျင်းပမည်ဖြစ်သည်။

“အသင်းတည်နေရာမှာပဲ ကျင်းပမယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ကျေးဇူးကို ဖော်ညွှန်းတဲ့အနေနဲ့ ကျင်းပတာဖြစ်တယ်။ ပြီးတော့ ကလေးတွေ စာဖတ်တတ်ဖို့နဲ့ စာပေဗဟုသုတတွေရဖို့လည်း ရည်ရွယ်ပါတယ်။ ဒီပွဲမှာ ကလေး ၂၀၀၀ ကို သုတရသစာအုပ် ၂၀၀၀ ဝေပေးမယ်”ဟု ယင်းအသင်းမှ တာဝန်ရှိသူ စာရေးဆရာနောင်ရူပက ပြောကြားသည်။

ကလေးများကို သုတရသစာအုပ်များမျှဝေရန် ဇာတိမာန်လူငယ်စာဖတ်အသင်းက ဖွင့်ထားသော ရွေ့လျားစာကြည့်တိုက် ၄၀ မှ အသင်းဝင် ကျောင်းသား ကျောင်းသူများကို ဖိတ်ခေါ်ထားသည်ဟု ၎င်းက ပြောဆိုသည်။ 

ရတနာပုံတက္ကသိုလ် ကျောင်းသားများဖြင့် ဖွဲ့စည်းထားသော University Clean and Green Association အသင်းကလည်း အဆိုပါ သုတမျှဝေပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါ စတစ်ကာများ ဝေငှခြင်း၊ ပဲပြုတ် နံပြား ကျွေးခြင်းများ ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

အောင်မြေသာစံမြို့နယ် ရွှေလောင်းညွှန့်ရပ်ကွက်ရှိ ဇာတိမာန်လူငယ် စာဖတ်အသင်းသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့် အင်္ဂလိပ်သဒ္ဒါသင်တန်းများ၊ အလယ်တန်းအဆင့် သင်္ချာသီအိုရီသင်တန်း၊ အခြေခံပန်းချီသင်တန်း၊ အင်တာနက် - အီးမေးလ်အသုံးပြုနည်းသင်တန်းများကို နွေရာသီအခမဲ့သင်တန်းများအဖြစ် မတ်လ ၇ ရက်နေ့ကစ၍ ပို့ချမည်ဖြစ်သည်။

M-01