News

POST TYPE

LATEST NEWS POST

စောဘဦးကြီးရုပ်တု စိုက်ထူမှု တားမြစ်ခံရ
05-Feb-2018

ဘားအံ၊ ဖေဖော်ဝါရီ ၎

ဘုရားသုံးဆူမြို့နယ် ကရင်စုရပ်ကွက် နှစ်သစ်ကူးကွင်းတွင် စိုက်ထူမည့် ကရင်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီးရုပ်တုကို ရန်ကုန်မှ သယ်ဆောင်လာပြီးနောက် စိုက်ထူမည့် ဝင်းရေးဒေသသို့ ရောက်ချိန်တွင် နယ်မြေခံတပ်မတော်က တားမြစ်ခဲ့ကြောင်း စောဘဦးကြီးရုပ်တု ဖြစ်မြောက်ရေး ကော်မတီထံမှ စုံစမ်းသိရှိရသည်။

ယင်းကြောင့် လက်ရှိအခြေအနေတွင် ဝင်းရေးမြို့နယ် မက္ကသာကျေးရွာတွင် ယာယီထားရှိကာ ရုပ်တု စိုက်ထူနိုင်ရေးအတွက် ပြည်နယ် စစ်ဘက်/အရပ်ဘက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ဘုရားသုံးဆူမြို့နယ် ရုပ်တုဖြစ်မြောက်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး စောအယ်ဒါးက ပြောကြားသည်။

“ကျွန်တော်တို့ကတော့ ကရင်ခေါင်းဆောင်ကြီးရုပ်တုကို ကရင်နယ်မြေမှာ တလေးတစားအမှတ်တရ စိုက်ထူချင်ပါတယ်။ အခုကတော့ မက္ကသာကျေးရွာ ဘုန်းကြီးကျောင်းဝင်းမှာ ယာယီထားဖို့ လုပ်နေတယ်”ဟု ၎င်းက ဆိုသည်။

ယခင်က ပြည်နယ်အစိုးရရုံးက တာဝန်ရှိသူများ၊ ဝန်ကြီးများနှင့် ဝန်ကြီးချုပ်တို့ထံ ခွင့်ပြုပေးရန် တင်ပြတောင်းဆိုခဲ့ရာ အစိုးရဘက်က အစိုးရအဖွဲ့အစည်းအဝေးတွင် တာဝန်ရှိသူများနှင့် တင်ပြတိုင်ပင်ဆွေးနွေးမည်ဟု ကတိပြု ပြောဆိုမှုများရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ရုပ်တုအား ရုပ်တုထုလုပ်ရာ ရန်ကုန်မြို့မှ ဘုရားသုံးဆူ ကရင်စုရပ်ကွက် နှစ်သစ်ကူးကွင်းသို့ သယ်ဆောင်လာစဉ် ရုပ်တုစိုက်ထူမည့်ကိစ္စနှင့် ပတ်သက်၍ ဘုရားသုံးဆူမြို့နယ် ခလရ ၉၇ တပ်ရင်းမှ အရာရှိများနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၃ ရက်တွင် KNU ဆက်ဆံရေးရုံးတာဝန်ခံများ၊ ရုပ်တုဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်တွေ့ဆုံကာ ညွန်ကြားချက်အရ ခွင့်မပြုနိုင်ဟု လာရောက်ပြောဆို တားမြစ်ခဲ့ကြောင်း ရုပ်တုဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

ယင်းရုပ်တုကို တားဆီးမှုနှင့်ပတ်သက်ပြီး အများပြည်သူ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်တစ်ဦး၏ ရုပ်တုမဟုတ်ဘဲ တိုင်းရင်းသား လူမျိုးတစ်မျိုးကို ကိုယ်စားပြု ခြင်းဖြစ်ကာ စည်ပင်သာယာ နယ်နိမိတ်အတွင်း စိုက်ထူမည်ဖြစ်သောကြောင့် ၁၉၆၂ ခုနှစ် အများပြည်သူ လေးစားသော ပုဂ္ဂိုလ်များ၏ ရုပ်တုထုလုပ်ခြင်း ဥပဒေအရ ခွင့်မပြုနိုင်ခြင်းဖြစ်သည်ဟု နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ထံမှ သိရသည်။

R-17

  • VIA