News

POST TYPE

LATEST NEWS POST

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု၍ The Lady Island ကျွန်းဟု အမည်ပြောင်းရန်စီစဉ်
31-Jan-2018
ပုသိမ်၊ ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်း ချောင်းသာကမ်းခြေနှင့် ၁၀ မိုင်ခန့်ဝေးသော ကျွန်းတစ်ကျွန်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့်အနေနှင့် “The Lady Island” ကျွန်းဟု အမည်ပြောင်းရန် စီစဉ်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

ရွှေသောင်ယံမြို့အနီး၊ ဘောမိကျေးရွာအုပ်စုရှိ ဒေသအခေါ် “ပန်းတစ်ပွင့်ကျွန်း” ကို ဒေသခံများက အမည်ပြောင်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသည့်အနေနှင့် သတ်မှတ်ထားသောနေရာ၊ ပန်းခြံ၊ ကျွန်းမရှိသေးကြောင်း၊ နိုင်ငံအတွက် ကိုယ်ကျိုးစွန့်ကာ လုပ်ဆောင်နေသူအတွက် ဒေသခံများ တန်ဖိုးထားသည့်ကျွန်းကို ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသော နာမည်ပြောင်းကာ စီစဉ်နေခြင်းဖြစ်ကြောင်း ဘောမိကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရန်နိုင်က ပြောသည်။

“ကျွန်တော်တို့တွေ နှစ်ပေါင်းများစွာ စောင့်ရှောက်လာတဲ့ ဒီလိုသာယာလှပတဲ့ ကျွန်းလေးကို ဒေသခံတွေအားလုံး သဘောတူညီမှုနဲ့ ဝမ်းမြောက်ဝမ်းသာ သတ်မှတ်တာပါ။ ဒီလိုလုပ်ပေးရင် ဘယ်သူမှ ပြန်ရုပ်သိမ်းလို့မရတော့ဘူး တိုင်ပင်မိလို့ ဒီလိုလုပ်တာပါ”ဟု ၎င်းက ဆိုသည်။

The Lady Island အဖြစ် သတ်မှတ်ခြင်းအထိမ်းအမှတ်အနေဖြင့် ကျွန်းအမည်နှင့် လိုက်ဖက်စေရန် ဒေါ်အောင်ဆန်းစုကြည် ပန်းတစ်ပွင့် ပန်ဆင်ထားသည့် ရုပ်ထုကြီးကို စကျင်ကျောက်ဖြင့်ပြုလုပ်ကာ ကျွန်း၏ အကြီးဆုံး ကျောက်တောင်ပေါ်တွင် ထားရှိမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ 

ပန်းတစ်ပွင့်ကျွန်းသည် ၄၆ ဧကကျော်ရှိပြီး ကမ်းစပ်ရေ ကြည်လင်ခြင်း၊ ငါးမျိုးစိတ်များစွာကို ကမ်းစပ်ရေပြင်အတွင်း တွေ့ရှိနိုင်ခြင်း၊ သဘာဝကျောက်တန်းများစွာရှိခြင်း၊ ကမ်းပေါ်ရှိ တောအုပ်ထဲတွင်လည်း သမင်၊ ဂျီ၊ ဆတ်၊ ဖွတ်၊ မျောက် စသည့် သတ္တဝါများ ရှိနေခြင်းကြောင့် သစ်၊ ဝါးခုတ်ခြင်း မပြုရန်၊ သားငါးများ ဖမ်းယူခြင်းမပြုရန်နှင့် သဲများ၊ ကျောက်များ ထုတ်ယူခြင်းမပြုရန် ဒေသခံများက စောင့်ရှောက်ထားသည့် ကျွန်းဖြစ်ကြောင်း ဒေသခံ ဦးဘဂျမ်းက ပြောသည်။

“ဒေသခံတွေက သတ်မှတ်တယ်ဆိုပေမယ့် နောင်အရှည်တည်တံ့ဖို့ တရားဝင် မှတ်တမ်းဝင် ဖြစ်ဖို့အတွက် အဆင့်ဆင့်သော အစိုးရ၊ လွှတ်တော်၊ သက်ဆိုင်ရာဌာနတွေကနေ တင်ပြပြီး ဆောင်ရွက်သင့်တယ် နိုင်ငံတော်အဆင့် သတ်မှတ်တယ်ဆိုရင် ကမ္ဘာကပါ သိရှိသွားမှာဖြစ်တယ်”ဟု ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနအရာရှိ ဟောင်းဦးခင်မြင့်က အကြံပြုသည်။

အဆိုပါကျွန်းသည် ပုသိမ်မြို့မှ မိုင် ၄၀ ကျော်ဝေးသော ရွှေသောင်ယံကမ်းခြေမြို့တွင် တည်ရှိပြီး ချောင်းသာကမ်းခြေမြို့နှင့် တစ်ဆက်တည်းရှိသည်။

ယင်းကျွန်းတွင် ရှေးအခါက မောင်နှစ်မ နှစ်ဦး နေထိုင်ခဲ့ကြရာ မောင်ဖြစ်သူက ပင်လယ်ထဲ ငါးဖမ်းထွက်လျှင် အစ်မဖြစ်သူက အမြဲတမ်း ပန်းတစ်ပွင့်ပန်ဆင်ပြီး မောင်ငယ်ဖြစ်သူ ပြန်အလာကို ကျောက်တောင်ပေါ်မှ မျှော်ခဲ့သဖြင့်၊ ဒေသတွင်း၌ “ပန်းတစ်ပွင့်ကျွန်း”ဟု ခေါ်ဆိုကြောင်း၊ ဒေသတွင်း လေပြင်းတိုက်ခတ်ခြင်း မုန်တိုင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လျှင် ငါးဖမ်းစက်လှေများ ဆိုက်ကပ်နားခိုလေ့ရှိသည့် ကျွန်တစ်ကျွန်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

R-12