News

POST TYPE

LATEST NEWS POST

သုံးစွဲရန်မသင့်သော ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို ဖျက်ဆီး
24-Jan-2018 tagged as ကရင် FDA



ဘားအံ၊ ဇန်နဝါရီ ၂၃

ကရင်ပြည်နယ်တွင် သုံးနှစ်တာအတွင်း ဖမ်းဆီးထားသည့် ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို ဇန်နဝါရီလ ၂၃ ရက်က ဘားအံမြို့နယ် ထန်းကိုးပင်သုသာန်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီထံမှ စုံစမ်းသိရှိရသည်။

ကျပ်သိန်း ၉၀ နီးပါးရှိသော တရားမဝင်ဆေးဝါး၊ သက်တမ်းလွန်ဆေးဝါး၊ စပ်ဆေး၊ ဆေးဝါးအတုနှင့် အလှကုန်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ ပစ္စည်းများကို စစ်ဆေးပြီး သုံးစွဲရန် မသင့်သည်များကို ဖျက်ဆီးခြင်းဖြစ်ကြောင်း ကရင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) မှ ဦးစီးအရာရှိ ဒေါ်မေသူနွယ်က ပြောကြားသည်။

သုံးစွဲရန်မသင့်သော ဆေးဝါးနှင့် အလှကုန်သတ်မှတ်ရာတွင် FDA ဌာနအနေနှင့် သက်တမ်းလွန်တာ ရှိမရှိ စစ်ဆေးခြင်း၊ ဌာနကအသေးစားဓာတ်ခွဲခန်း (Mini Lab) မှာ ဆေးဝါးတွေကိုဓာတ်ခွဲ ကြည့်ခြင်း၊ ဆေးဝါးအရည်အသွေး ကျဆင်းမှုများရှိပါက နေပြည်တော်ရှိ ဓာတ်ခွဲခန်းကိုပေးပို့ကာ စစ်ဆေးကြောင်း၊ တရားမဝင်ဆေးဝါး၊ တားမြစ်ဆေး၊ စပ်ဆေးများကို မရောင်းချရန် ဆေးဆိုင်များကို ပညာပေးခြင်း၊ ဆေးဆိုင်လိုင်စင်များကို သုံးလမှခြောက်လအထိ ပိတ်သိမ်ခြင်းများကို လုပ်ဆောင်ကြောင်း ၎င်းထံမှ သိရသည်။ 

“ဈေးကွက်လိုအပ်ချက်အရ ပစ္စည်းတွေဝယ်လိုက်တယ်၊ ဒါပေမဲ့ ဆရာဝန်တွေက တခြားကုမ္ပဏီတံဆိပ်ကို ပြောင်းသုံးတဲ့အခါမှာ သက်တမ်းလွန်တာမျိုး ဖြစ်တတ်တယ်၊ တချို့စပ်ဆေးရောင်းတဲ့ လူတွေအတွက်တော့ ပြဿနာမရှိပါဘူး၊ ဆေးဘူးကိုဖောက်ပြီး စပ်ရောင်းကြတယ်လေ၊ ကျွန်တော်ကတော့ တစ်ပတ်စာလောက်ပဲ ချိန်ပြီး ဝယ်တာဆိုတော့ သက်တမ်းလွန်တာမျိုး မရှိဘူး၊ ဈေးကွက်ကြီးကြီးအတွက် အများကြီးဝယ်ထားတဲ့ ဆိုင်တွေမှာတော့ သက်တမ်းလွန်တာမျိုးလည်း ဖြစ်တတ်ပါတယ်”ဟု ကိုမောင်ညို ဆေးဆိုင်ပိုင်ရှင် ဦးပြည့်ဖြိုးအောင်က ပြောသည်။ 

ယခုဖျက်ဆီးသော သက်တမ်းလွန်ဆေးဝါးနှင့် အလှကုန်များမှာ ကရင်ပြည်နယ်၏ မြို့နယ် ၇ ခုအနက် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မြဝတီ၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ ဘားအံမြို့နယ်တို့မှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲမှုဦးစီးဌာန ကရင် (FDA) ထံမှ စုံစမ်းသိရှိရသည်။

ကရင်ပြည်နယ်သည် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသည့်အတွက် မြဝတီကုန်သွယ်ရေးစခန်းတွင် ဌာနဆိုင်ရာ ပူးတွဲစောင့်ကြည့်စစ်ဆေးရေး အဖွဲ့များနှင့် အစားအသောက်နှင့် ဆေးဝါးများကို စစ်ဆေးနေကြောင်း ကရင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA) ထံမှ သိရသည်။  

R-17