News

POST TYPE

LATEST NEWS POST

လိပ်ကျွန်းအမှုတွင် ထိုင်းဘက်က လျှောက်လဲချက်တင်ရန် တစ်ရက်တိုးပေး
ရန်ကုန်၊ ဇန်နဝါရီ ၂၃

မြန်မာနိုင်ငံသားနှစ်ဦး၏ လိပ်ကျွန်းအမှု နောက်ဆုံးအယူခံ ဆုံးဖြတ်ချက်ချရန် ထိုင်းအစိုးရဘက်က လျှောက်လဲချက် မတင်သေးသည့်အတွက် ထိုင်းတရားရုံးက တစ်ရက် ထပ်တိုးပေးလိုက်ကြောင်း အဆိုပါအမှု၏ အထူးစုံစမ်းစစ်ဆေးရေး ကော်မတီဝင် အကြံပေးရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် သေဒဏ်ကျခံထားသည့် ဝင်းနှင့်ဇော်အတွက် နောက်ဆုံးအဆင့် အယူခံလွှာကို ထိုင်းအစိုးရရှေ့နေများဘက်က လျှောက်လဲချက်မတင်နိုင်သဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်ကို ရွှေ့ဆိုင်းလိုက်သော်လည်း ဇန်နဝါရီလ ၂၃ ရက်တွင်ပင် တင်နိုင်ခြင်းမရှိသဖြင့် ဇန်နဝါရီလ ၂၄ ရက် ညနေ ၄ နာရီ နောက်ဆုံးထားတင်ပေးရန် တစ်ရက်ရွှေ့ဆိုင်း ပေးလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“မနက်ဖြန်တော့ တင်ဖို့များမယ်။ ဒီတစ်ခါတော့ တရားရုံးက လက်ခံမယ်မထင်တော့ဘူး။ ဇန်နဝါရီလ ၂၅ ရက် သိ ရမယ်”ဟု ၎င်းက ဆိုသည်။

ထိုင်းအစိုးရဘက်က ဗဟိုတရားရုံးအဆင့်သို့ ခုခံချေပလွှာကို တင်နိုင်ခြင်းမရှိဘဲ ရွှေ့ဆိုင်းခဲ့ရာ ယခုအကြိမ်သည် ငါးကြိမ်မြောက်ဖြစ်ကြောင်း၊ လက်ရှိတွင် ဝင်းနှင့်ဇော်အခြေအနေမှာ ကျန်းမာရေး ကောင်းမွန်သည့်အပြင် မြန်မာသံရုံးမှလည်း မကြာခဏ သွားရောက်အားပေး ကြည့်ရှုကြောင်း၊ ဥပဒေအရ ပြစ်ဒဏ်လျော့နိုင်မယ်လို့ အားပေးစကားပြောခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဗြိတိန်နိုင်ငံသား အသက် ၂၃ နှစ်ရှိ အမျိုးသမီးနှင့် အသက် ၂၄ နှစ်ရှိ အမျိုးသားတို့ ထိုင်းနိုင်ငံ ကော့တောင်ကျွန်း (လိပ်ကျွန်း) တွင် အသတ်ခံရပြီးနောက် အောက်တိုဘာလ ၂ ရက်တွင် မြန်မာလုပ်သား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှုဖြင့် ဖမ်းဆီးခဲ့ကာ အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးမှု၊ လူသတ်မှု စသည့်အမှုများ ထပ်မံဖြည့်စွက်၍ တရားစွဲဆိုခဲ့သည်။

၂၀၁၅ခုနှစ် ဒီဇင်ဘာလ၂၄ရက်တွင် ၎င်းတို့နှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခဲ့ပြီး အယူခံအဆင့်ဆင့်တက်ခဲ့ရာ ယခုဗဟိုတရားရုံးအဆင့်သည် နောက်ဆုံးအဆင့်ဖြစ်သည်။

မြန်မာရွှေ့ပြောင်းလုပ်သား ထောင်ချီ အလုပ်လုပ်ကိုင်လျက်ရှိသော အဆိုပါကျွန်းတွင် ၂၀၁၄ခုနှစ် စက်တင်ဘာလလယ်က လူသတ်မှုဖြစ်ပွားခဲ့ပြီး ယင်းလအတွင်းမှာပင် မြန်မာလူငယ်နှစ်ဦးဖြစ်သော ဝင်းနှင့်ဇော်ကို လူသတ်မှုဖြင့် ဖမ်းဆီးတရားစွဲခဲ့ရာ သုံးနှစ်ကျော်ကာလသို့ပင် ရောက်ရှိခဲ့ပြီဖြစ်သည်။