News

POST TYPE

LATEST NEWS POST

ဒူဘိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့မှ ဘယ်မောင်းကားဟောင်းများ တင်သွင်းဖွယ်ရှိ
ရန်ကုန်၊ ဇန်နဝါရီ ၂၃

ပြည်တွင်းသို့ ဘယ်မောင်းကားများသာ တင်သွင်းရောင်းချခွင့်ပြုထားရာ ဒူဘိုင်းနှင့် အာဆီယံဒေသတွင်းနိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ထုတ်လုပ်သည့်ကားများကို တင်သွင်းရောင်းချရန် လေ့လာနေကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရသည်။

ထိုကားများကို မတ်လအတွင်းမှစ၍ ပြည်တွင်းသို့ တင်သွင်းရောင်းချရန် ရည်ရွယ်ထားပြီး လတ်တလော၌ ကျန်ရှိနေသေးသည့် ဂျပန်ကားများကို အရောင်းအဝယ် ပြုလုပ်နေကြောင်း ၎င်းတို့က ပြောကြားသည်။

“အခုတော့ လေ့လာနေတုန်းပဲ။ (ညာမောင်း) ကားတင်သွင်းခွင့်ကလည်း ကာလ နည်းနည်း ကျန်နေသေးတော့ အဲဒါကို စောင့်နေတယ်။ အစိုးရမူဝါဒက အမြဲတမ်းပြောင်းလို့ လက်ကျန်ကားလေးတွေကိုပဲ ရောင်းနေသေးတယ်”ဟု အေးကျော်နှင့်ညီအစ်ကိုများ ကားရောင်းဝယ်ရေး လုပ်ငန်းမှ လုပ်ငန်းရှင် ဦးအေးကျော်က ပြောဆိုသည်။

ယခုတင်သွင်းရန် လေ့လာနေသည့် ကားများသည် ဂျပန်ကားများ၏ အရည်အသွေးကိုမမီဘဲ အပိုပစ္စည်း တင်သွင်းရ လွယ်ကူခြင်းရှိ မရှိ၊ အပို ပစ္စည်းရှားပါးခြင်း ရှိ မရှိနှင့် အပိုပစ္စည်းဈေးနှုန်း မြင့်မားခြင်း ရှိ မရှိတို့ကို လေ့လာနေကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရသည်။

ကားတင်သွင်းခွင့်မူဝါဒများကို ၂၀၁၁ ခုနှစ်က စတင်ဖြေလျှော့ပေးခဲ့ပြီး ၂၀၁၁ မှ ၂၀၁၈ ခုနှစ်အထိ ကားမူဝါဒ ၁၇ ကြိမ်ခန့် အပြောင်းအလဲ ပြုလုပ်ထားကာ ၂၀၁၈ ခုနှစ် မူဝါဒသစ်တွင် ဘယ်မောင်း မော်တော်ယာဉ်များကိုသာ တင်သွင်းခွင့်ပြုထားပြီး လူစီးယာဉ်များအနေနှင့် ၂၀၁၄ ခုနှစ်နှင့်အထက် ယာဉ်များကို တင်သွင်းရမည်ဖြစ်သည်။

လက်ရှိ ကားဈေးကွက်အတွင်း တစ်ပတ်ရစ် ဂျပန်ကားများနှင့် ပြည်တွင်း ထုတ်ကားများဖြစ်သည့် ဆူဇူကီးနှင့် နစ်ဆန်း ကားများ အရောင်းအဝယ် ကောင်းမွန်ကြောင်း မော်တော်ယာဉ်ဈေးကွက်အတွင်းမှ သိရသည်။

S-04