News

POST TYPE

LATEST NEWS POST

ပြည်တွင်း ဘုရားဖူး ခရီးသွားလုပ်ငန်းများ အသိအမှတ်ပြု လက်မှတ်ရရန် အသင်းက ကူညီပေးမည်
23-Jan-2018


မန္တလေး၊ ဇန်နဝါရီ ၂၃

ပြည်တွင်းဘုရားဖူးခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများအနေနှင့် အာမခံချက် ရှိသည့်လုပ်ငန်း ဖြစ်လာစေရေးနှင့် အသိအမှတ်ပြု လက်မှတ်ရရန် မန္တလေးတိုင်း ဘုရားဖူးခရီးသွား ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက ကူညီပေးမည်ဟု ယင်းအသင်းထံမှ သိရသည်။

ပြည်တွင်း ဘုရားဖူး ခရီးသွားများကို ဝန်ဆောင်မှုပေးနေသော လုပ်ငန်းရှင်များအနေနှင့် လိုင်စင်ရှိသည့် လုပ်ငန်းများ ဖြစ်လာစေရန်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်တွင်း ဘုရားဖူးခရီးသွား ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးဇင်မင်းကျော်က ပြောကြားသည်။

“ကျွန်တော်တို့ စလုပ်ပေးတာတော့ မကြာသေးဘူးဗျ။ ပုံစံအမျိုးမျိုးနဲ့ (ဥပမာ- ကားရှိတဲ့လူက အခကြေးငွေယူပြီး ပို့ပေးတာမျိုးပေါ့) လုပ်ကိုင်နေကြတဲ့သူတွေကို အသင်းကနေ ကူညီဆောင်ရွက်ပေးတယ်။ ဟိုတယ်/ခရီးနဲ့ ချိတ်ဆက်ပေးတယ်။ အသင်းဝင်ဖို့လည်း ဆော်ဩရတယ်”ဟု ၎င်းကဆိုသည်။

လတ်တလောတွင် အသိအမှတ်ပြု လက်မှတ်၊ လုပ်ငန်းလိုင်စင် မရှိသည့်အပြင် တိကျသော ခရီးစဉ်မရှိဘဲ ပြေးဆွဲနေရသည့်အတွက် ခရီးသည်များအနေနှင့် အာမခံချက်မရှိသည့် ပုံစံဖြစ်ပေါ်နေသည် =ဟုလည်း ဦးဇင်မင်းကျော်က ရှင်းပြသည်။

“တရားဝင်မဟုတ်ဘဲ ပြေးဆွဲနေတဲ့အဖွဲ့တွေပေါ့လေ။ ကားတစ်စီး ငှားတယ်ဆိုပါစို့ ဝန်ဆောင်မှုပေးတဲ့သူကလည်း လမ်းခရီးမှာ အခြေအနေ မကောင်းတာနဲ့ လစ်သွားတာမျိုးတွေ ရှိတတ်တယ်။ တွက်ခြေမကိုက်လို့ ရပ်ထားလိုက်တာမျိုးတွေလည်း ရှိခဲ့ဖူးတယ်။ အသိအမှတ်ပြုလက်မှတ် ရထားတဲ့သူကျတော့ အဲဒီလိုမဖြစ်အောင် ထိန်းသိမ်းနိုင်မယ်။ လက်မှတ်ကိုလည်း တန်ဖိုးထားမယ်”ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ဝန်ဆောင်မှုပေးနေသော လုပ်ငန်းရှင်များအတွက် တာဝန်ယူမှုရှိသည့် အသင်းအဖွဲ့တစ်ခု လိုအပ်ကြောင်း၊ အသိအမှတ်ပြု လက်မှတ်များဖြင့် လုပ်ဆောင်ပါက ခရီးသည်များအနေနှင့်လည်း စိတ်ချ ယုံကြည်စွာ ငှားရမ်းနိုင်ပြီး အာမခံချက် ရှိလာမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူအချို့က ပြောဆိုသည်။

“လုပ်ငန်းအတွက် လိုအပ်ချက်တွေရှိလာရင် တာဝန်ခံ ပြောဆိုပေးမယ့် အဖွဲ့တစ်ခုကတော့ ရှိဖို့လိုတယ်။ တိကျတဲ့ လုပ်ထုံး လုပ်နည်းတွေလည်း ရှိဖို့လိုတယ်။ တစ်ခါ အသင်းအောက်က လုပ်ငန်းရှင်တွေစုပေါင်းပြီး ခရီးသည် ရှယ်ယာလုပ်တာမျိုး လုပ်ပေးမယ်ဆိုရင် ပိုပြီးအကျိုးရှိမယ်။ အသိအမှတ်ပြု လက်မှတ်ရဖို့ကိစ္စကလည်း သူ့လုပ်ငန်းစဉ်အတိုင်း လုပ်မယ်ဆိုရင် မခက်ခဲပါဘူး။ လုပ်ငန်းရှင်တွေကို ပညာပေးတာတွေ၊ တစ်ခါ လုပ်ပိုင်ခွင့်ရှိတဲ့ဌာနတွေကလည်း ဥပဒေအရ စည်းကြပ်တာမျိုး လုပ်ပေးဖို့လိုတယ်”ဟု Summid Mandalay ခရီးသွားလုပ်ငန်းရှင် ဦးသန်းဇော်မြင့်က ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်အခြေစိုက် ပြည်တွင်း ဘုရားဖူးခရီးသွား ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းသို့ အသင်းဝင်ထားပြီး အသိအမှတ်ပြု လက်မှတ်ရထားသည့်လုပ်ငန်း ၂၀၀ ကျော်ရှိနေပြီ ဖြစ်သော်လည်း မန္တလေးမြို့တွင် ၁၅ ခုခန့်သာ ရှိသေးကြောင်း ယင်းအသင်းထံမှ သိရသည်။

M-04