News

POST TYPE

LATEST NEWS POST

မွန်ပြည်နယ်ရှိ အကြီးဆုံး သဘာဝ ထုံးကျောက်ဂူကို သဘာဝကြိုးဝိုင်းအဖြစ် သတ်မှတ်မည်
23-Jan-2018 tagged as မွန်ပြည်နယ်


မော်လမြိုင်၊ ဇန်နဝါရီ ၂၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဝါးပြန့်ကုန်းကျေးရွာအနီးရှိ အကြီးဆုံး သဘာဝထုံးကျောက် ဖားဘောင်ဂူ (ဖားဘောင်တောင်) ကို သဘာဝကြိုးဝိုင်းအဖြစ် သတ်မှတ်ထိန်းသိမ်းမည်ဖြစ်ကြောင်း မွန်ပြည်နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။

ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်အတွက် အကျယ်အဝန်း ၄၆၆ ဧကခန့်ရှိသည့် ဖားဘောင်ဂူ (ဖားဘောင် တောင်) ကို သဘာဝကြိုးဝိုင်းအဖြစ် သတ်မှတ်ရန် ပြည်ထောင်စုက အမိန့်ကြေညာစာ ထုတ်ပြန် အကောင်အထည်ဖော်လျက်ရှိသည်ဟု မွန်ပြည်နယ် သစ်တောဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမင်းသိန်းမြင့်က ပြောသည်။

“ဖားဘောင်တောင်ကို သဘာဝ ကြိုးဝိုင်းအဖြစ် သတ်မှတ်မယ်ဆိုတာကိုရော၊ သတ်မှတ်နေရာမှာ ဘာမလုပ်ရဆိုတဲ့ တားမြစ်ချက်တွေကိုရော ဆိုင်းဘုတ်တွေ ကပ်ထားပြီးပြီ။ အဆင့်ဆင့် လုပ်ဆောင်နေတယ်။ အခုဆိုရင် ရပိုင်ခွင့်ပေါ့ဗျာ။ သတ်မှတ်နေရာထဲမှာ ပါတဲ့မြေတွေ ခြံတွေကို အထောက်အထားနဲ့ လာတင်ပြခိုင်းထားတယ်”ဟု ၎င်းကပြောသည်။

ဖားဘောင်ဂူ (ဖားဘောင်တောင်) ၏ သဘာဝကြိုးဝိုင်းအဖြစ် သတ်မှတ်ထားသည့် နယ်မြေအတွင်းတွင် ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ ကြိုးဝိုင်းအတွင်း သက်ရှိ သက်မဲ့ ဖွဲ့စည်းမှုကိုဖြစ်စေ၊ သဘာဝ အနေအထား တည်ရှိမှု တစ်ခုခုကိုဖြစ်စေ ဖျက်ဆီးခြင်း အစရှိသည့်အချက် ၁၀ ချက်ကို မပြုလုပ်ရန် သစ်တောဦးစီးဌာနက တားမြစ်ထားသည်။

ဖားဘောင်ဂူ (ဖားဘောင်တောင်) သည် မွန်ပြည်နယ်အတွင်းရှိ ဂူများအနက်မှ အကြီးဆုံး သဘာဝ ထုံးကျောက်ဂူတစ်ခုဖြစ်ပြီး ဂူအတွင်းတွင် ရှေးဟောင်းဘုရား စေတီတော်များ တည်ရှိသလို သန်းနှင့်ချီသည့် လင်းနို့များတည်ရှိသည့် ဂူတစ်ခုလည်းဖြစ်သည်။

အဆိုပါ ဖားဘောင်တောင်တွင် ယခုရက်ပိုင်းအတွင်း ကုမ္ပဏီတစ်ခုမှ ကျောက်တူးစမ်းသပ်မှု ရှိနေကြောင်းကို ဒေသခံတို့က ပြည်နယ်အစိုးရထံ တင်ပြခဲ့သည့်အတွက် ဇန်နဝါရီ ၂၁ ရက်နေ့က ဝန်ကြီးချုပ်ဦးဆောင်သည့် အစိုးရအဖွဲ့က ဒေသခံတို့နှင့် သွားရောက် တွေ့ဆုံခဲ့ကာ အဆိုပါကိစ္စကို စာထုတ်တားမြစ်သွားမည်ဟု ပြောဆိုခဲ့သည်။

“ဒေသခံတွေက ဖားဘောင်ဂူကို သမိုင်းဝင်ဂူလို့ သတ်မှတ်ထားကြတယ်၊ လွန်ခဲ့တဲ့နှစ်ပေါင်း များစွာကတည်းက ဘာသာရေးနဲ့ ပတ်သက်တဲ့အထိမ်းအမှတ် ပစ္စည်းတွေ ထည့်ထားပြီးတော့ ကိုးကွယ်ယုံကြည်မှုရှိခဲ့ကြတော့ တောင်ကိုထိတာ လက်မခံချင်ကြဘူး”ဟု ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောသည်။

ကျိုက်မရောမြို့နယ်အတွင်းတွင် ဖားဘောင်ဂူ၊ ခရုံဂူ၊ စပယ်ဂူ၊ မယ်ဂရိုဂူ အစရှိသည့် သဘာဝထုံးကျောက်လိုဏ်ဂူ များစွာတည်ရှိပြီး လိုဏ်ဂူများအတွင်း၌ ရှေးဟောင်း အုတ်ခွက်ရုပ်ပွားတော်များ ဆင်းတုတော်များ၊ စေတီတော်များ တည်ရှိကာ ခရုံဂူတစ်ခုသာလျှင် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနတို့က ထိန်းသိမ်းထားခဲ့သည်။

လက်ရှိတွင် ကျိုက်မရောအတွင်းရှိ ထိန်းသိမ်းမှု အားနည်းနေသည့် ရှေးဟောင်း အမွေအနှစ်များဖြစ်သည့် သဘာဝလိုဏ်ဂူများ၊ သဘာဝ ထုံးကျောက်တောင်များကို ထိန်းသိမ်းထားနိုင်ရန်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရန်အတွက် အထောက်အကူ ပေးနိုင်မည့် သုတေသနပြုမှုတစ်ခုကို မွန်ပြည်နယ် လွှတ်တော်နှင့် မော်လမြိုင် တက္ကသိုလ်မှ ဆရာ၊ ဆရာမတို့ ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။

မွန်ပြည်နယ်အတွင်းတွင် ကျိုက်ထီးရိုး ဘေးမဲ့တော၊ ကေလာသ ဘေးမဲ့တောဟု ဘေးမဲ့တော ၂ ခု သတ်မှတ်ထိန်းသိမ်းထားသည်။

ယခုအခါ သဘာဝကြိုးဝိုင်းအဖြစ် ဖားဘောင်ဂူ (ဖားဘောင်တောင်) သတ်မှတ်ထိန်းသိမ်းသွားမည် ဖြစ်သည့်အပြင် သမ္မသတ်ဂူ (သမ္မသတ်တောင်) ကိုလည်း သဘာဝကြိုးဝိုင်းအဖြစ် သတ်မှတ်သွားရန် အစီအစဉ်ရှိကြောင်း ပြည်နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။

Dawei Watch