News

POST TYPE

LATEST NEWS POST

ယမန်နှစ်အတွင်း ရေနစ်သေဆုံးသူ စံချိန်တင်
21-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်တွင် သေမှုသေခင်းပေါင်း တစ်ထောင်ကျော်၌ ရေနစ်သေဆုံးသူ ၃၀၀ ကျော်ဖြင့် သေဆုံးမှု အများဆုံး ဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် စာရင်းအရ သိရသည်။

သေမှုသေခင်း ၂၆ မျိုးဖြင့် ဖွင့်လှစ်စစ်ဆေးခဲ့ရာ အမှုပေါင်း ၁၃၁၁ မှုတွင် ရေနစ်သေဆုံးမှုမှာ ၃၁၁ မှုဖြင့် အမြင့်ဆုံးဖြစ်ခဲ့ပြီး ဒုတိယသေဆုံးမှုများမှာ ၂၉၇ မှုဖြင့် ရောဂါကြောင့် သေဆုံးမှုဖြစ်ကြောင်း၊ တတိယ သေဆုံးမှုအနေနှင့် အရက် အမူးလွန်သေဆုံးမှုဖြစ်ပြီး ၁၈၆ မှုရှိကြောင်း၊ ကြိုးဆွဲချသေဆုံးမှု ၁၇၆ မှုဖြင့် ပဉ္စမနေရာတွင်တည်ရှိ၍ ဓာတ်လိုက်သေဆုံးမှု ၁၀၈ မှုဖြင့် ဆဋ္ဌမနေရာတွင် တည်ရှိခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။

“သေမှုသေခင်း ဖြစ်တာတွေကို အမှုဖွင့် စစ်ဆေးခဲ့တာတွေပါ၊ ဆေးရုံကိုတက်ပြီး ရောဂါကုသရင်း သေတာတွေ မပါဘူး၊ မှုခင်းနဲ့ဆက်သွယ်ပြီး သေဆုံးတာတွေကိုပဲ အမှုဖွင့် စစ်ဆေးခဲ့တာတွေ၊ သေမှုသေခင်းကနေ ရာဇဝတ် ပြစ်မှုအဖြစ် ပြောင်းသွားတာတွေ ရှိတယ်။ ရုတ်တရက် ထိခိုက်သေဆုံးမှုတွေကို ရာဇဝတ်မှု ဟုတ်၊ မဟုတ် သိရအောင် စစ်ဆေးခဲ့တဲ့ အမှုပေါင်းပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အခြားသေဆုံးမှုများ အနေနှင့် အဆိပ်သောက်သေဆုံးမှု ၃၄ မှု၊ မိုးကြိုးပစ်သေဆုံးမှု ၅ မှု၊ အမြင့်မှ ပြုတ်ကျသေဆုံးမှု ၆၀ မှု၊ ကားရထားပေါ်မှ ပြုတ်ကျသေဆုံးမှု တစ်မှု၊ ရထားကြိတ်၍ သေဆုံးမှု ၁၄ မှု၊ အမည် နေရပ် လိပ်စာ မသိ၊ ဒဏ်ရာ ဒဏ်ချက်မရှိဘဲ သေဆုံးမှု ၆၁ မှု၊ ရုတ်တရက် ထိခိုက်သေဆုံးမှု ၃၁ မှု၊ မိမိကိုယ်ကိုယ် ဓားနဲထိုးသေဆုံးမှု ၃ မှု၊ မြေပြို၊တိုက်ပြိုကျ၍ သေဆုံးမှု ၂ မှု၊ ဆင်နင်းခံရပြီးသေဆုံးမှု တစ်မှု၊ အစာအဆိပ်သင့် သေဆုံးမှု ၃ မှု၊ မီးလောင်သေဆုံးမှု တစ်မှု၊ သေမှုသေခင်း မှ ရာဇဝတ်မှုပုဒ်မပြောင်းသွားသည့်အမှု ၉ မှု၊ ဆေးသောက်လွန်သေဆုံးမှု တစ်မှု၊ ဆေးသုံး၊ ဆေးမှားသောက် သေဆုံးမှု ၃ မှု၊ ဗုံးဟောင်းပေါက်၍ သေဆုံးမှု တစ်မှု၊ လှေမှောက်သေဆုံးမှုတစ်မှု၊ ကျွဲနင်း၊ ကျွဲခတ်၊ မြွေကိုက်သေဆုံးမှု နှစ်မှုတို့ဖြစ်ပြီး နေရပ် လိပ်စာ မသိရဘဲ ဒဏ်ရာဖြင့်သေဆုံး မှု၊ မိမိကိုယ်ကိုယ်ကိုယ်သေနတ်ပစ်သေဆုံးမှု၊ သစ်ပင်ပိ၍ သေဆုံးမှုတို့ မရှိကြောင်း သိရသည်။

ယင်းသေမှုသေခင်းပေါင်း တစ်ထောင်ကျော်တွင် ယာဉ်တိုက်ခံရပြီး သေဆုံးရသည့် လူဦးရေစာရင်းမပါရှိချေ။

J-16