News

POST TYPE

LATEST NEWS POST

ရဲကင်း ရုပ်သိမ်းပြီးနောက် မူးယစ်ဆေးဝါးရောင်းသူများ ပြန်လှုပ်ရှား
မြိတ်၊ ဇန်နဝါရီ ၁၈

မြိတ်မြို့နယ် အလယ်ကျွန်းနယ်မြေနှင့် ကန်ခေါင်းရပ်ကွက်အကြားရှိ ရဲကင်းကို ရုပ်သိမ်းပြီးနောက် မူးယစ်ဆေးဝါး ရောင်းချသူများ ပြန်လည်လှုပ်ရှားလာကြောင်း အလယ်ကျွန်းနယ်မြေ အုပ်ချုပ်ရေးမှူး ဦးဝင်းခိုင်က ပြောသည်။

ရပ်ကွက် နှစ်ခုစပ်ကြားတွင် မူးယစ်ဆေးဝါးများ လက်လီ/လက်ကား ရောင်းချမှုကို ထိန်းချုပ်နိုင်ရန်အတွက် ရဲကင်းတစ်ခုရှိခဲ့ပြီး ရဲကင်းရုပ်သိမ်းပြီး တစ်နှစ်နီးပါးအကြာတွင် မူးယစ်ဆေးဝါးရောင်းသူများ ပြန်လည်လှုပ်ရှားလာကြောင်း အုပ်ချုပ်ရေးမှူး ဦးဝင်းခိုင်က ပြောပြသည်။

“အဲဒီနေရာမှာ ရဲကင်းတစ်ခုကို (ရဲ) အရာရှိ အပါအဝင် ချပေးစေချင်တယ်”ဟု ဦးဝင်းခိုင်က ပြောသည်။

ရဲကင်းတစ်ခု ချထားပေးနိုင်ရန်အတွက် ဇန်နဝါရီလ ၁၃ ရက်က မြိတ်မြို့ ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမတွင် ပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲတွင်လည်း တင်ပြခဲ့ကြောင်း ဦးဝင်းခိုင်က ပြောပြသည်။

“မနေ့ကလည်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ဝင်စစ်ဆေးတာ အားလုံးပြေးကုန်တယ်”ဟု အုပ်ချုပ်ရေးမှူး ဦးဝင်းခိုင်က ပြောသည်။

အဆိုပါ ရပ်ကွက်နှစ်ခုစပ်ကြားသည် လူအသွားအလာနည်းပြီး လမ်းကျဉ်းသဖြင့် မူးယစ်ဆေးဝါးရောင်းသူများ လှုပ်ရှားခြင်းဖြစ်နိုင်ကြောင်း ယင်းရပ်ကွက် အနီးနေထိုင်သူများက မှတ်ချက်ပြုကြသည်။

“ဒီလမ်းကဖြတ်ရင် လူငယ်တွေ မူးယစ်ဆေးဝါးရောင်းနေတာ သိသာလွန်းတယ်။ ယူမလားဆိုပြီး အမေးလည်းခံရဖူးတယ်”ဟု ပါရမီရပ်ကွက်နေ အသက် ၃၀ ကျော်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

သို့ရာတွင် ယင်းနေရာတွင် ရဲကင်းထားရန် အစီအစဉ်မရှိဘဲ ကန်ဖျားနယ်မြေ အမှတ် (၂) ရဲကင်းစခန်းက လှည့်ကင်းတာဝန်ယူနေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် ရဲမှူးအေးမင်းက ပြောပြသည်။

“ကန်ဖျားနယ်မြေရဲကင်းကနေပြီး နယ်မြေစိုးမိုးရေး ပြန်လုပ်သွားမယ်”ဟု မြိတ်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးချိုလွင်က ပြောသည်။

Dawei Watch