News

POST TYPE

LATEST NEWS POST

SME လုပ်ငန်းဆိုင်ရာ စာရင်းအချက်အလက်များ ထိန်းသိမ်းမည့် ဆော့ဖ်ဝဲမိတ်ဆက်
19-Jan-2018 tagged as ရန်ကုန် SME

ရန်ကုန်၊ ဇန်နဝါရီ ၁၈

အာဆီယံနိုင်ငံများတွင် အသုံးပြုလျက်ရှိသည့် အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းဆိုင်ရာ စာရင်းအင်းအချက်အလက်များ ထည့်သွင်းဆောင်ရွက်နိုင်မည့် Xero Accounting Software ကို ဇန်နဝါရီလ ၁၈ ရက်နေ့က စတင်မိတ်ဆက်ခဲ့သည်။ 

Xero Accounting Software မိတ်ဆက်ပွဲကို ဇန်နဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ၇ ရပ်ကွက် သလ္လာဝတီလမ်းရှိ SMEs Incubation Centre တွင် မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဆော့ဖ်ဝဲသည် SME လုပ်ငန်းဆိုင်ရာ စာရင်းအင်းများကို အဓိကထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် လက်တော့ပ်နှင့် ကွန်ပျူတာများတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် ဖုန်းများ၌ပါ ထည့်သွင်းအသုံးပြုနိုင်မည့် အက်ပလီကေးရှင်း ထွက်ရှိမည်ဖြစ်ကြောင်း ယင်းမိတ်ဆက်ပွဲထံမှ သိရသည်။ 

“ဖုန်းနဲ့သုံးမယ်ဆိုရင် ဝက်ဘ်ဆိုက်ကနေ တစ်ဆင့်ဝင်မှရပါမယ်။ အက်ပလီကေးရှင်းကတော့ မထွက်သေးဘူး။ အင်တာနက်ရတဲ့ ဘယ်နေရာမှာမဆို ဒီဆော့ဖ်ဝဲကို သုံးလို့ရပါတယ်”ဟု Hamsahub Consulting Company စာရင်းအင်းဌာနမှ ဒေါ်မီမီချိုက ပြောကြားသည်။

Xero Accounting Software အသုံးပြုပါက စာရင်းအချက်အလက်များကို စာအုပ်များဖြင့် ထိန်းသိမ်းထားရန်မလိုဘဲ ယင်းဆော့ဖ်ဝဲတွင် ထည့်သွင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ယင်းမိတ်ဆက်ပွဲထံမှ သိရသည်။ 

အဆိုပါဆော့ဖ်ဝဲကို စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးဌာနနှင့် Hamsahub Consulting Company တို့ ပူးပေါင်းမိတ်ဆက်ခြင်းဖြစ်ပြီး ယင်းဆော့ဖ်ဝဲကို နယူးဇီလန်နိုင်ငံက အခြေပြုရေးဆွဲထားခြင်းဖြစ်ကာ ဆော့ဖ်ဝဲအသုံးပြုလိုသည့် SME လုပ်ငန်းရှင်များအနေနှင့် တစ်လစမ်းသပ်သုံးစွဲခွင့် ရမည်ဖြစ်ကြောင်း၊ ဆော့ဖ်ဝဲအသုံးပြုပုံ အကြောင်းများကိုလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒေါ်မီမီချိုက ပြောဆိုသည်။ 

J-11