News

POST TYPE

LATEST NEWS POST

အစိုးရသည် မှော်ဆရာလိုမစွမ်းဟု ပြန်ကြားရေး ဒုဝန်ကြီးဆို
နေပြည်တော်၊ ဇန်နဝါရီ၁၈

ပြည်တွင်းရှိ နိုင်ငံသားများသည် ဖြစ်ချင်စိတ်များ အားကြီးလွန်းသဖြင့် ခံနိုင်ရည်ရှိရန်လိုအပ်ပြီး အစိုးရသည် မှော်ဆရာကဲ့သို့ ချက်ချင်းအပြောင်းအလဲ ပြုလုပ်ရန် မစွမ်းဆောင်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားသည်။

နေပြည်တော်တွင် ဇန်နဝါရီ ၁၈ ရက်က ကျင်းပသည့် တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် အခမ်းအနားအပြီးတွင် မီဒီယာများက သတင်းရယူမှုအခြေအနေ၊ သတင်းထောက်များ အဖမ်းခံရသည့် ကိစ္စရပ်များအပေါ် မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

“လူတွေရဲ့ ဖြစ်ချင်စိတ်က အရမ်းကို မြင့်မားလွန်းအားကြီးတယ်။ အဲ့ဒါကို ကျွန်တော်တို့ခံနိုင်ဖို့လိုတယ်။ သံတမန်တစ်ယောက်နဲ့လည်း ပြောဖြစ်တယ်။ ပြည်သူရွေးလိုက်တဲ့ အစိုးရဖြစ်လာတဲ့အခါ သူ မှော်ဆရာမှမဟုတ်တာ။ သူ့မှာ ဘာမှော်အစွမ်းမှလည်း မရှိဘူး”ဟု ဦးအောင်လှထွန်းက ဆိုသည်။

ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် နှစ်ပေါင်း ၇၀ နီးပါး အမြစ်တွယ်ခဲ့သော ပြဿနာကို မေ့ထား၍မရကြောင်း၊ ယခုလောလောဆယ်ဆယ်တွင် သတင်းအချက်အလက် သိရှိပိုင်ခွင့်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ထပ်လောင်းပြောကြားသည်။

“လောလောဆယ်ကလေ၊ ကျွန်တော်ပြောချင်တာက သတင်းအချက်အလက် ရရှိပိုင်ခွင့်ပိုပြီးတော့ ကောင်းမွန်အောင်လုပ်မယ်။ ဒါကလည်း ချက်ချင်းတော့ ဖြစ်လာမှာမဟုတ်ဘူးနော်။ လောလောဆယ် ကျွန်တော်လေ့လာနေတုန်းပဲ။ ပေါက်ကရ ဝေဖန်တာတွေ ကျွန်တော်ဘာမှမပြောဘူးနော်”ဟု ဦးအောင်လှထွန်းက ဆိုသည်။

ပြည်သူများသည် ၂၀၁၅ မှ စတင်ပြီး မျှော်လင့်ချက်ကြီးမားလာခဲ့ကြောင်း ယခုလို ပဋိပက္ခအကျပ်အတည်းမျိုးစုံတို့ကို လက်ရှိအစိုးရသည် မကျော်လွှားနိုင်လျှင် လာမည့် ၂၀၂၀ တွင် ပြည်သူယုံကြည်မှုသည် အဖြေတစ်မျိုး ပေးသွားနိုင်သည်ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မှတ်ချက်ပြုသည်။

ဇန်နဝါရီ ၁၅ ရက်နေ့တွင် ပြန်ကြားရေး ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသော ဦးအောင်လှထွန်းသည် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရိုက်တာသတင်းဌာန သတင်းထောက်အဖြစ် နှစ်ပေါင်း ၂၀ ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။

T.L