News

POST TYPE

LATEST NEWS POST

မ.ထ.သ ထက် YBS တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ထက်ဝက်လျော့ကျ
18-Jan-2018 tagged as ယာဉ်စည်းကမ်း


ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများကို သယ်ယူပို့ဆောင်ရာတွင် မ.ထ.သ စနစ်ထက် YBS စနစ်တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅၀ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။ 

“၂၀၁၇ ခုနှစ်က အရင် ၂၀၁၆ ခုနှစ် ရဲ့ ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူက ၁၈၉ ဦး လျော့နည်းလို့ ၆၃ ရာခိုင်နှုန်း လျော့နည်းခဲ့တယ်။ သေဆုံးသူက ၄၀ ဦး လျော့နည်းလို့ ၅၀ ရာခိုင်နှုန်း လျော့နည်းတယ်လို့ ပြောလို့ရတယ်”ဟုYRTA အုပ်ချုပ်မှုဒါရိုက်တာ ဦးစောဘိုဘိုက ဆိုသည်။

YBSယာဉ်လိုင်းများကို တိုင်းအစိုးရက တည်ဆောက်ထားသည့် Control Center မှတစ်ဆင့် ထိန်းချုပ်နေပြီး ခရီးသွားပြည်သူများ အန္တရာယ် ကင်းစေရန် အရှိန်ပြင်း မောင်းနှင်မှုကို နည်းပညာဖြင့် ထိန်းချုပ်နေကြောင်း၊ အခြားသော စည်းကမ်းဖောက်မှုများကိုလည်း စောင့်ကြည့်နေကြောင်း ၎င်းက ပြောကြားသည်။

“အရှိန်ပြင်းမောင်းနေတယ်ဆိုရင် Control Center ကနေ ယာဉ်မောင်းကို ဖုန်းဆက်ပြီး လှမ်းသတိပေးတယ်။ အခုလို ဆောင်ရွက်လို့ YBS ရဲ့အောင်မြင်မှုက အရင်နှစ်နဲ့ယှဉ်ရင် ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရတာတွေ၊ သေဆုံးတွေ သိသိသာသာ လျော့ကျသွားတာပါပဲ”ဟု ၎င်းကဆိုသည်။

ယခင် မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီလက်ထက်က ၂၀၁၆ ခုနှစ်တွင် ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူ ၅၀၆ ဦးရှိပြီး သေဆုံးသူ ၇၈ ဦး ရှိကြောင်း၊ လက်ရှိ YBS စနစ်လက်ထက် ၂၀၁၇ ခုနှစ်တွင် ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူ ၃၁၇ ဦးရှိပြီး သေဆုံးသူ ၃၈ ဦးရှိကြောင်း YRTA ထံမှ သိရသည်။

YBS ယာဉ်လုပ်သားများ၏ တစ်နှစ်အတွင်း စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် ပြောဆိုမှု အများဆုံး အကြောင်းအရာမှာ ငွေပုံးတပ်ဆင်ပြီး ပိုက်ဆံကောက်ခံခြင်း၊ ယာဉ်အကူများ ထားနေသေးခြင်း၊ ညပိုင်း ၈ နာရီကျော်လျှင် ယာဉ်များ မပြေးဆွဲခြင်းတို့ဖြစ်ကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောကြားသည်။

“ဒါကို သုံးသပ်ကြည့်တဲ့အခါ ကိုယ်ရ ကိုယ်ယူများတယ်။ ကုမ္ပဏီတွေက အဲလို မရှိပါဘူး။ စည်းကမ်းမဲ့တာတွေကို ထုတ်မှာ။ YRTA နဲ့ လက်မတွဲဘူးဆိုရင် လမ်းညွှန်ထားတာတွေကို မလိုက်နာဘူးဆိုရင် ပယ်ချခဲ့မှာပါ။ စည်းကမ်း တင်းကျပ်မှုကို ဒီနှစ်ထဲမှာ တင်းတင်းကျပ်ကျပ် လုပ်မှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

မ.ထ.သစနစ်က ယာဉ်လိုင်းပေါင်း ၃၃၀ ကျော်ရှိခဲ့ပြီး ယာဉ်စီးရေ ၇၂၀၀ ကျော်ဖြင့် နေ့စဉ် ပြေးဆွဲခဲ့ပြီး YBS စနစ်တွင် ယာဉ်လိုင်းပေါင်း ၉၃ လိုင်းဖြင့် ယာဉ်စီးရေ ၅၃၀၀ ဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း YRTA ထံမှ သိရသည်။

J-06