News

POST TYPE

LATEST NEWS POST

မွန်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း တစ်ထောင်တွင် တစ်ယောက်အောက် လျော့ကျ
18-Jan-2018

မော်လမြိုင်၊ ဇန်နဝါရီ ၁၇

မွန်ပြည်နယ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းသည် တစ်နှစ်ထက်တစ်နှစ် လျော့ကျလာပြီး ယခုနှစ်တွင် လူတစ်ထောင်တွင် တစ်ယောက်အောက်သာရှိပြီး သေဆုံးမှုလည်း မရှိတော့ဟု မွန်ပြည်နယ် ငှက်ဖျားဆရာဝန်ကြီးက ပြောသည်။

ငှက်ဖျားဖြစ်ပွားမှုနှုန်းသည် လွန်ခဲ့သည့် ၁၉၉၀ ခုနှစ်ခန့်က လူတစ်ထောင်တွင် ၂၅ ယောက်နှုန်းဖြစ်ပွားပြီး လူတစ်သိန်းမှာ ၂၅ ယောက်နှုန်း သေဆုံးမှုရှိခဲ့သည်။

၂၀၁၃ ခုနှစ်တွင် လူတစ်ထောင်တွင် ၂ ဒသမ ၄ ယောက်နှုန်းဖြစ်ပွားပြီး လူတစ်သိန်းမှာ ဝ ဒသမ ၅ ယောက် သေဆုံးမှုရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်မှာတော့ လူတစ်ထောင်မှာ ဝ ဒသမ ၆ ယောက်နှုန်းသာဖြစ်ပွားပြီး သေဆုံးမှုမရှိတော့ဟု ငှက်ဖျားဆရာဝန်ကြီး ဒေါက်တာဉာဏ်ဆင့်က ပြောသည်။

“ငှက်ဖျားက မွန်ပြည်နယ်မှာ တော်တော်နည်းလာပြီ”ဟု ဒေါက်တာဉာဏ်ဆင့်က ပြောသည်။

ပြည်နယ်အတွင်း ဝေးလံခေါင်ဖျားပြီး ကျန်းမာရေးဌာနက လက်လှမ်းမမီသည့် တောတောင်နှင့်ဆက်စပ်နေသည့် ဘီးလင်းမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် ငှက်ဖျားဖြစ်ပွားမှု ရှိနေသေးသည်ဟု ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်း ငှက်ဖျားဖြစ်ပွားမှုနှုန်း လျော့ကျလာခြင်းသည် ရောဂါကာကွယ်ရေး၊ နှိမ်နင်းရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လာခြင်းအပြင် အဓိကအားဖြင့် ကာကွယ်ရေးအပိုင်းတွင် နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့်အတူ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်း၊ ဆေးပြားဖြင့် ခြင်ထောင်များ ဆေးစိမ်ပေးခြင်း လုပ်ငန်းများ ခါတိုင်းထက် ပိုမိုတိုးချဲ့လာခြင်းနှင့် ကုသရေးအပိုင်းတွင် အမြန်သွေးစစ်ကိရိယာများ အသုံးပြုခြင်း၊ အစွမ်းထက်သည့် ငှက်ဖျားဆေးနှင့် ကျယ်ကျယ်ပြန့်ပြန့် ကုသပေးနိုင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတို့ကြောင့် ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

လူများ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းသွားလာခြင်းနှင့် ငှက်ဖျားပိုးနှင့် ဆေးယဉ်ပါးလာခြင်းတို့သည် ငှက်ဖျားဖြစ်ပွားမှုနှုန်း တိုးမြင့်လာနိုင်သည့် အဓိကပြဿနာ တစ်ရပ်ဖြစ်သည်ဟု ဒေါက်တာဉာဏ်ဆင့်က ပြောသည်။

မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေး ဌာနကလည်း ငှက်ဖျားရောဂါနှင့်ပတ်သက်သည့် ကာကွယ်ရေး၊ ကုသရေးအပြင် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကိုလည်း NGO, INGO အဖွဲ့အစည်းတို့နှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။

Dawei Watch

  • VIA