News

POST TYPE

LATEST NEWS POST

ပြည်ပရောက်နိုင်ငံရေးသမားများ လွယ်ကူစွာ နေရပ်ပြန်နိုင်ရေး NLD နှင့် ၈၈ မျိုးဆက် ဆွေးနွေး
18-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ပြည်ပရောက်နိုင်ငံရေးသမားများ လွယ်ကူစွာ နေရပ်ပြန်နိုင်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ ဇန်နဝါရီလ ၁၇ ရက်က အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

NLD အဖွဲ့ချုပ်ရုံးတွင် ပါတီဗဟို အလုပ်အမှုဆောင်များဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးဟန်သာမြင့်တို့နှင့် ပြည်တွင်း၊ ပြည်ပ ၈၈ မျိုးဆက်များဖြစ်သော ဦးမြအေး၊ ဦးဇာနည်၊ ဦးသက်ဦး၊ ဦးဘသက်အောင်၊ ဦးမျိုးဇင်ရှိန်၊ ၉၆ မျိုးဆက်မှ ကိုစိုးထွန်းတို့ပါဝင်ကာ အလွတ်သဘော တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ အလွတ်သဘော တွေ့ဆုံမှုတွင် လက်ရှိ မျက်မှောက်နိုင်ငံရေး အခြေအနေများကိုလည်း ဆွေးနွေးခွင့်ရခဲ့ပြီး ပြည်ပရောက် နိုင်ငံရေးသမားများ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်ရေးနှင့် ပတ်သက်၍လည်း တင်ပြခဲ့ရာ NLD ပါတီဘက်က မူအားဖြင့် သဘောတူသည်ဟု ပြောကြားခဲ့ကြောင်း အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဦးမြအေးက ပြောကြားသည်။

ပြည်ပမှ နိုင်ငံရေးအင်အားစုများ လွယ်လွယ်ကူကူနှင့် နေရပ်ပြန်ဝင်လာနိုင်ရန် အခက်အခဲများကို NLD ခေါင်းဆောင်များကို တင်ပြခဲ့ပြီး ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ဦးမြအေးက ဆိုသည်။

“လက်ရှိ ပြည်ပရောက် နိုင်ငံရေးသမားတွေ ဂုဏ်သိက္ခာရှိစွာ ပြန်လာရေးက အားလုံးအတွက်လည်း အရေးကြီးတယ်လေ။ ဒါကိုလည်း NLD က မငြင်းပယ်ဘူး။ တချို့ကိစ္စရပ်တွေကတော့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့လိုတယ်။ ဘယ်လိုလုပ်သွားမလဲ ဆိုတာတော့ အချိန်တိုတဲ့အတွက် အဖြေကိုတစ်ထိုင်တည်းတော့ ထုတ်လို့ရမှာ မဟုတ်သေးဘူး”ဟု ၎င်းက ဆိုသည်။

J-08


  • VIA