News

POST TYPE

LATEST NEWS POST

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အချက်သုံးချက် တိုက်တွန်း
18-Jan-2018 tagged as ရန်ကုန်

ရန်ကုန်၊ ဇန်နဝါရီ ၁၇

လစ်လပ်သွားသည့်နေရာ ရှစ်ခုအတွက် ကျင်းပမည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲမူဘောင် ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ERCB) က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ အကြံပြုချက်သုံးခုကို ParkRoyal ဟိုတယ်တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ တိုက်တွန်းခဲ့သည်။

ERCB သည် ရွေးကောက်ပွဲဖြစ်စဉ်များကို လေ့လာစောင့်ကြည့်သည့် အရပ်ဘက်အဖွဲ့အစည်း ဆယ်ခု ပူးပေါင်းထားခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်စဉ်အတွင်း ပွင့်လင်းမြင်သာမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာရန် ထိုသို့ တိုက်တွန်းခြင်းဖြစ်ကြောင်း အဆိုပါရှင်းလင်းပွဲထံမှ သိရသည်။

“လက်ရှိမှာ ရွေးကောက်ပွဲ ကျင်းပမယ့်ကာလ၊ လုပ်ငန်းစဉ် အချိန်တွေနဲ့ပတ်သက်ပြီး တိတိကျကျ ထုတ်ပြန်ထားတာတွေ မရှိသေးပါဘူး”ဟု အဆိုပါ ERCB အဖွဲ့မှ ဦးစိုင်းရဲကျော်စွာမြင့်က ဆိုသည်။

အဆိုပါ အကြံပြုတိုက်တွန်းချက်များတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို အသေးစိတ် အနည်းဆုံးခြောက်လ ကြိုတင်ကြေညာပေးရန်နှင့် ရွေးကောက်ပွဲကာလကို ပွင့်လင်းရာသီကာလမျိုးတွင် ရွေးချယ်ကျင်းပပေးရန်နှင့် သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပေးရန် စသည့်အချက်သုံးခုကို အကြံပြုတိုက်တွန်းထားသည်။

“ရွေးကောက်ပွဲကာလကို အနည်းဆုံး ခြောက်လလောက်ကြိုသိရမှ ပညာပေး လုပ်ဆောင်တာပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီတွေအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှုတွေ လုပ်ဆောင်တဲ့အခါမှာ ကြိုတင်ပြင်ဆင်ချိန်တွေ ပိုရနိုင်တယ်”ဟု ERCB အဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သူ ဒေါ်ဝင်းမြထွန်းက ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲကို သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)၊ မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)၊ အုတ်တွင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)၊ တမူးမဲဆန္ဒနယ် အမှတ် (၂) ၊ မင်းဘူး မဲဆန္ဒနယ်အမှတ် (၂)၊ ကန်ပက်လက် မဲဆန္ဒနယ်နဲ့ လဲချားမဲဆန္ဒနယ်တို့တွင် ယခုနှစ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးတွင် ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦအောင်မြင့်က ပြန်လည်ဖြေကြားထားသည်။  

J-14