News

POST TYPE

LATEST NEWS POST

ဆက်သွယ်ရေးဥပဒေဖြင့် တရားရင်ဆိုင်နေရသော ကိုဆွေဝင်း၏အမှု တရားလိုကို စစစ်


မန္တလေး၊ ဇန်နဝါရီ ၁၆

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ - ဃ ဖြင့် အမှုရင်ဆိုင်နေရသည့် မြန်မာနောင်းသတင်းဌာန၏ အယ်ဒီတာချုပ် ကိုဆွေဝင်း၏အမှုကို ဇန်နဝါရီလ ၁၆ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် တရားလိုဖြစ်သူ ဦးကျော်မျိုးရွှေကို စတင်စစ်ဆေးခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ၁၆ ကြိမ်မြောက်ရုံးချိန်းတွင် စတင်စစ်ဆေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကိုဆွေဝင်း၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်မြင့်က ပြောကြားသည်။ 

မြန်မာနောင်းသတင်းဌာန၏ အယ်ဒီတာချုပ် ကိုဆွေဝင်းသည် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင် ဆရာတော်တစ်ပါးဖြစ်ခဲ့သူ ဦးဝီရသူကို ဂုဏ်သိက္ခာညှိုးနွမ်းစေသည့်စာများ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သောကြောင့် အဆိုပါအဖွဲ့မှ ဦးကျော်မျိုးရွှေက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ - ဃ အရ အရေးယူပေးရန် တရားလိုပြုလုပ် တိုင်ကြားခဲ့သောအမှုဖြစ်သည်။

ကိုဆွေဝင်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဆရာတော်ဦးဝီရသူ ပါရာဇိကကျသွားပြီဖြစ်ကြောင်း သိရသည်ဟု ရေးသားခဲ့သည့်အပေါ် ဆရာတော်ဦးဝီရသူ၏ ဒါယကာတစ်ဦးဖြစ်သည့် ဦးကျော်မျိုးရွှေက မတ်လ ၇ ရက်နေ့က မဟာအောင်မြေမြို့နယ်၊ အမှတ် (၇) နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အမှုဖွင့်ထားခဲ့ရာ ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ကိုဆွေဝင်း၏ နိုင်ငံခြားခရီးစဉ်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်စဉ် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း၊ မဟာအောင်မြေမြို့နယ်တရားရုံးက အဆိုပါအမှုကို ဇူလိုင်လကတည်းက စစ်ဆေးရမည်ဖြစ်သော်လည်း ယခုအကြိမ်မှသာ စတင်စစ်ဆေးနိုင်ခြင်းဖြစ်သည်ဟု ဦးခင်မောင်မြင့်က ပြောဆိုသည်။

နောက်တစ်ကြိမ်စစ်ဆေးမည့် ရုံးချိန်းကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ချိန်းဆိုထားပြီး ယင်းရုံးချိန်းတွင်လည်း ဦးကျော်မျိုးရွှေကိုပင် ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် တရားရုံးထံမှ သိရသည်။

M-04