News

POST TYPE

LATEST NEWS POST

သံဃာအပါးနှစ်သောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ လုံခြုံရေးအင်အား ၃၀၀ ခန့်သုံးမည်
17-Jan-2018 tagged as မန္တလေး

မန္တလေး၊ ဇန်နဝါရီ ၁၆

မြန်မာ-ထိုင်း ချစ်ကြည်ရေး ပူးပေါင်းကျင်းပမည့် သံဃာအပါးနှစ်သောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား အနည်းဆုံး ၃၀၀ ခန့် အသုံးပြုမည်ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံထံမှ သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ချမ်းမြသာစည်မြို့နယ် ရန်ကုန်-မန္တလေးလမ်း သိပ္ပံလမ်းနှင့် မြဝတီမင်းကြီးလမ်းကြားရှိ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်း၌ ဇန်နဝါရီ ၂၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။

“စီမံချက်ဆွဲပြီးတော့ ဗဟိုစည်း၊ အတွင်းစည်း၊ အပြင်စည်း၊ အဝေးစည်းဆိုပြီး စည်းလေးစည်းနဲ့ လုံခြုံရေးယူမယ်။ လုံခြုံရေးကင်မရာ ကိုးလုံးတပ်ဆင်ထားမယ်”ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောကြားသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မန္တလေးတိုင်းအစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း၊ မန္တလေးခရိုင်အတွင်းရှိ သံဃာတော်အပါး နှစ်သောင်းကို ပင့်ဖိတ်၍ သံဃာတစ်ပါးလျှင် သုံးသောင်းကျပ်စီ လှူဒါန်းမည်ဖြစ်ကြောင်း ပွဲကျင်းပရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။

ဆွမ်းဆန်စိမ်း လောင်းပွဲကျင်းပခြင်းဖြင့် ထေရဝါဒဗုဒ္ဓသာသနာ ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားနေခြင်းကို နိုင်ငံတကာရှိ ဗုဒ္ဓဘာသာဝင်များအားလုံး နှစ်ထောင်းအားရဖြစ်ရုံမက ပီတိသောမနဿ ဖြစ်ပွားစေရန် ရည်ရွယ်ကြောင်း အဆိုပါ ကော်မတီက ထုတ်ပြန်ထားသည်။

အဆိုပါ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ရန်ကုန်-မန္တလေးလမ်း ဟောင်းဘေးရှိ မြဝတီလမ်းဆုံ တစ်လျှောက်နှင့် ၆၂ လမ်းနှင့် မြဝတီလမ်းဆုံအထိကို တစ်လမ်းမောင်းအဖြစ် သတ်မှတ်ထားမည်ဖြစ်ပြီး လမ်းလွှဲကမောင်းနှင်ရမည့် နေရာကိုးခုကို ယာဉ်မောင်းသူများ သိရှိနိုင်ရန် ပွဲကျင်းပရေးလုပ်ငန်း ကော်မတီက ကြေညာထားသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း မန္တလေးမြို့ အတုလမဟာမြကျောက်ဆရာတော်နှင့် ထိုင်းနိုင်ငံ ဓမ္မကာယကျောင်း ဆရာတော်တို့ ပူးပေါင်းကာ ၆၆ လမ်း၊ ၁၂ လမ်းနှင့် ၁၉ လမ်းကြားတွင် သံဃာအပါးတစ်သောင်းကို ဆွမ်းလောင်းလှူခဲ့ဖူးသည်။  
 
M-05

  • VIA