News

POST TYPE

LATEST NEWS POST

ရွှေဈေး စံချိန်တင်မြင့်တက်
16-Jan-2018 tagged as ရွှေ


ရန်ကုန်၊ ဇန်နဝါရီ ၁၆

ပြည်တွင်းရွှေဈေးမှာ ယခုနှစ်စမှစ၍ ဆက်တိုက်မြင့်တက်လျက်ရှိရာ ယခုအခါ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ကိုးသိန်းခွဲနီးပါးအထိ စံချိန်တင် ဈေးနှုန်းတစ်ရပ်သို့ ရောက်ရှိကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

ယခုနှစ်ဆန်း ဇန်နဝါရီလအစပိုင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ကိုးသိန်းသုံးသောင်းခန့်ရှိရာမှ ဆက်လက်၍ ဈေးတက်လာခြင်းဖြစ်သည်။

ရွှေဈေးမြင့်တက်လာသောကြာင့် ရွှေဘုံသာအခေါက်ရွှေဈေးကွက်အတွင်း ထုတ်ရောင်းသူ များလာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။ 

“အရင် ကိုးသိန်းစွန်းစွန်းလောက်တုန်းက ဝယ်ထားတဲ့သူတွေ ထုတ်ရောင်းတဲ့အတွက် ရောင်းလိုအားက ဝယ်လိုအားထက် ပိုပြီးမြင့်လာတယ်”ဟု ၎င်းကဆိုသည်။ 

ရောင်းလိုအားတက်လာခြင်းကြောင့် ရွှေဈေးမှာ အနည်းငယ် ကျဆင်းလာနိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။ 

ဇန်နဝါရီလ ၇ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် ၉၃၇,၅၀၀ ကျပ်၊ ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၁၃၁၉ ဒေါ်လာ ဖြစ်ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့တွင် အခေါက် ရွှေတစ်ကျပ်သားလျှင် ၉၄၉,၅၀၀ ကျပ်အထိ မြင့်တက်လာကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

ထို့ပြင် ဇန်နဝါရီလ ၁၅ ရက်နေ့ တနင်္လာနေ့ ရွှေဈေးကွက်အဖွင့်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၉၅၀,၂၀၀ အထိ ရောက်ရှိသွားခဲ့သေးသည်။

ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းမှာ အမေရိကန် ဒေါ်လာတန်ဖိုး ကမ္ဘာ့ဈေးကွက်အတွင်း ကျဆင်းလာခြင်းကြောင့်ဖြစ်ကြောင်း တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောကြားသည်။

J-05