News

POST TYPE

LATEST NEWS POST

ကရင်ပြည်နယ် ဝန်ကြီးချုပ် ကျန်းမာရေးကြောင့် ခွင့်တစ်လခွဲယူ
ဘားအံ၊ ဇန်နဝါရီ ၁၆

ယာဉ်မတော်တဆမှုကြောင့် ဘယ်ဘက်ခြေသလုံးရိုး ကျိုးခဲ့သော ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် တတိယအကြိမ် ခွဲစိတ်ပြီးနောက် တာဝန်များ ပြန်လည် ထမ်းဆောင်ခဲ့သော်လည်း ဆရာဝန်၏ အကြံပေးချက်အရ ခွင့်တစ်လခွဲ (၄၅ ရက်) ခွင့်တင်ကာ အနားယူမည်ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဒီဇင်ဘာလ ၁၉ ရက်က တတိယအကြိမ် ခွဲစိတ်ခဲ့ပြီး ကျန်းမာရေး အခြေအနေ ကောင်းမွန်သော်လည်း ဆေးမှတ်တမ်းအရ ၂ လခန့် အနားယူရမည်ဆိုသဖြင့် ယခုကဲ့သို့ ခွင့်တင်ထားခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။

“ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဆေးခွင့် ၄၅ ရက်တင်တယ်၊ အဲ့ဒီနောက်မှတော့ ခေတ္တဝန်ကြီးချုပ် တာဝန်ကိုတော့ စီမံကိန်း ဘဏ္ဍာရေးနဲ့ စည်ပင်ဝန်ကြီးကို လွှဲပေးထားတယ်၊ ဝန်ကြီးချုပ်ကို ကုသပေးတဲ့ ဆရာဝန်ကြီး ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုးကနေ ကုသမှုခံယူပြီးနောက်ပိုင်းမှာ ၂ လလောက် နားဖို့လိုတယ်လို့ တိုက်တွန်းထားလို့ပါ”ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စန်းက ပြောကြားသည်။ 

တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ၂၀၁၈ ခုနှစ်အတွင်း အစိုးရအဖွဲ့နှင့်လွှတ်တော်ကိုယ်စားလှယ် အပြောင်းအလဲအချို့ရှိသော်လည်း ကရင်ပြည်နယ်တွင် အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ အပြောင်းအလဲမရှိဘဲ မူလတာဝန်အတိုင်း ဆက်လက် ထမ်းဆောင်နေကြကြောင်း ၎င်းကဆိုသည်။ 

“အစ်မကတော့ ဆေးစာအရ အနားယူတယ်၊ ကျွန်တော့်ကို ခေတ္တ ဝန်ကြီးချုပ်အဖြစ် တာဝန်လွှဲပေးသွားတယ်၊ ခါတိုင်းလည်း သူ ခရီးရှည်သွားတိုင်းမှာ ဒီလိုပဲ လွှဲနေကျပါ၊ ခုကတော့ ၄၅ ရက်ပေါ့၊ နေ့တိုင်းတော့ ညနေတိုင်း သွားတွေ့တယ်၊ အခြေအနေတင်ပြတယ်၊ ဆွေးနွေးတယ်၊ အကြံပြုချက်ယူပါတယ်”ဟု ကရင်ပြည်နယ် စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်ဝန်ကြီး ဦးသန်းနိုင်က ပြောကြားသည်။ 

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်မှာ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၄ ရက်က တောင်ကလေး ကျေးရွာသို့ အသွား၊ ဘားအံ-လှိုင်းဘွဲ့လမ်း ဘားအံ ဂေါက်ကလပ်ရှေ့တွင် ၎င်းစီးနင်းလာသော ပါဂျဲရိုယာဉ်က လမ်းဘေး ကျွန်းပင်ကို တိုက်မိခဲ့ကြောင်း၊ ယာဉ်မတော်တဆမှုတွင် ဘယ်ခြေသလုံးရိုး ၂ ချောင်းလုံး ကျိုးသွားခဲ့ပြီး ဆေးကုသမှု ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် တစ်ကြိမ်၊ ဘားအံပြည်သူ့ဆေးရုံကြီးတွင် တစ်ကြိမ်၊ ယင်းနောက် တတိယအကြိမ်အနေနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တစ်ကြိမ် ခွဲစိတ်ကုသမှု လုပ်ဆောင်ခဲ့သည်။

R-17