News

POST TYPE

LATEST NEWS POST

၂၀၁၈ အကုန်တွင် ဂါဇာတိုက်ခိုက်ရေး ဥမင်အားလုံး ဖျက်ဆီးပြီးဖြစ်ရမည်ဟု အစ္စရေးကြေညာ
16-Jan-2018 tagged as အစ္စရေး



တဲလ်အဗစ်၊ ဇန်နဝါရီ ၁၅

ဂါဇာကမ်းမြောင်မှနေ၍ အစ္စရေးမြေပေါ်တိုက်ခိုက်ရန် အသုံးပြုသော ဥမင်လိုဏ်ခေါင်းများ ဖျက်ဆီးရေးမှာ အစ္စရေး၏ အဓိကကျသော မဟာဗျူဟာဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီး အဘီဒေါ်လီဘာမင်းန်က ပြောကြားခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။

“၂၀၁၈ နှစ်ကုန်မှာ ဟာမားစ်တွေရဲ့ တိုက်ခိုက်ရေးဥမင်အားလုံးကို ချေမှုန်းပြီး ဖြစ်ရပါမယ်။ ဒီထက်စောစောလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ မှန်းထားတာကတော့ ဒီနှစ်အကုန်မှာ အားလုံးဖျက်ဆီးပြီးဖြစ်ဖို့ပါ”ဟု လီဘာမင်းန်က ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

“ထိုးစစ်ဆင်တဲ့ ဥမင်ကွန်ရက်ကို ဖျက်ဆီးရေးဟာ ဟားမားစ်တပ်ဖွဲ့ရဲ့ မဟာဗျူဟာမြောက် စွမ်းရည်တွေကို စနစ်တကျဖျက်ဆီးရေး မူဝါဒရဲ့ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်”ဟု ဝန်ကြီးက ဖြည့်စွက်ပြောကြားသည်။

အစ္စရေးကို တိုက်ခိုက်ရန် ဟားမားစ်တို့ တူးဖော်ထားသော နယ်စပ်ဖြတ်ကျော်ဥမင်တစ်ခုကို ဖျက်ဆီးပစ်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ်မတော် (IDF) ကလည်း ၁၄ ရက်နေ့တွင်ပင် ထုတ်ပြန်ခဲ့သည်။ ဂါဇာဘက်ခြမ်းရှိ အကြမ်းဖက်ဥမင်များကို လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း IDF ပြောခွင့်ရပုဂ္ဂိုလ် ဂျိုနသန်ကွန်ရီကပ်စ်က ပြောကြားသည်။

“ဒါဟာ အစ္စရေးအချုပ်အခြာအာဏာကို ထိပါးတာပါ။ ဟားမားစ်ဟာ ဒီအတွက် အကျိုးဆက်တွေကို ခံစားရမှာဖြစ်ပါတယ်။ ဂါဇာက နိုင်ငံသားတွေရဲ့ သာယာဝပြောရေးကို ထိပါးစေတဲ့ နည်းလမ်းကိုပဲ သူတို့ အမြဲတမ်းရွေးချယ်ခဲ့ကြတယ်”ဟု IDF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဂါဇာမှ အီဂျစ်နှင့်အစ္စရေးသို့ ဦးတည်သည့် ဥမင်အများစုမှာ အစ္စရေး၏ ပိတ်ဆို့ခံထားရသော ဂါဇာကမ်းမြောင်အတွက် ကုန်စည်များခိုးသွားရန် အသုံးပြုသော်လည်း ယင်းဥမင်များကိုပင် ဟားမားစ်တို့က အသုံးပြုပြီးအစ္စရေးမြေပေါ် တိုက်ခိုက်လေ့ရှိကာ ၂၀၁၄ ပဋိပက္ခတွင် အထင်ရှားဆုံးဖြစ်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုကြောင်း ကြေညာပြီးနောက်တွင် ပါလက်စတိုင်း အာဏာပိုင်များနှင့် အစ္စရေးအကြား ဆက်ဆံရေး သိသိသာသာ တင်းမာလာခဲ့သည်။  

F-03