News

POST TYPE

LATEST NEWS POST

ကျေးရွာတည်ပေးမည့်အစီအစဉ် ဘင်္ဂါလီများ လက်မခံ
16-Jan-2018



မောင်တော၊ ဇန်နဝါရီ ၁၅ 

မောင်တောမြို့နယ် ကျီးကန်းပြင် တောင်ရွာအနီးတွင် စုဝေးနေထိုင်နေသော ဘင်္ဂါလီများအတွက် ပြည်ထောင်စုအစိုးရက စနစ်တကျ ရွာတည်ပေးမည့် အစီအစဉ်ကို ARSA အကြမ်းဖက်သမားများ၏ရန်ကို ကြောက်သဖြင့် ဘင်္ဂါလီများ လက်မခံကြောင်း ကျေးရွာတာဝန်ခံတစ်ဦးက ပြောကြားသည်။ 

ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသူ ဘင်္ဂါလီများက ကျီးကန်းပြင်တောင်ရွာတွင် နေထိုင်သော ဘင်္ဂါလီများ အစိုးရအစီအစဉ်ကို လက်မခံရန်နှင့် မူလနေထိုင်ခဲ့သော နေရာရရှိမှသာ လက်ခံရန်ပြောဆိုကြောင်း၊ ယင်းအပြင် ၎င်းတို့က အစိုးရအစီအစဉ်များကို လက်မခံရန် ခြိမ်းခြောက်ပြောဆိုမှုများရှိကြောင်း ၎င်းက ပြောသည်။ 

ယင်းကျေးရွာတွင် ဘင်္ဂါလီလူမျိုး အိမ်ထောင်စု ၄၃ စု၊ လူဦးရေ ၂၇၀ ကျော် နေထိုင်ကြောင်း၊ ၎င်းတို့က တစ်ဖက်နိုင်ငံသို့ မထွက်ပြေးဘဲ ကျီးကန်းပြင်တောင်ရွာအနီးတွင် တဲအိမ်များဆောက်ကာ နေထိုင်နေကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။ 

အဆိုပါ ဘင်္ဂါလီများထံ ကျေးရွာတည်ပေးရေးအတွက် ဇန်နဝါရီလ ၁၅ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်တို့နှင့်အတူ သက်ဆိုင်ဌာနမှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံကာ ညှိနှိုင်းခဲ့သည်။

ကျေးရွာများကို ပုံစံတကျ ပြန်လည်တည်ဆောက်ရာ၌ နေအိမ်၊ ရေ၊ မီး၊ အုပ်ချုပ်ရေးရုံး၊ စာသင်ကျောင်း၊ ကျန်းမာရေး ဆေးခန်းနှင့် ရွာလမ်းမများတို့ကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ ကျေးရွာတွင် နေထိုင်သူများအနေနှင့် အနီးပတ်ဝန်းကျင်တွင် လုပ်ကိုင်စားသောက်ရန် လွယ်ကူသွားမည်ဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

၎င်းတို့ကို နေရာချပေးရာတွင် စနစ်တကျရှိသော ပုံစံကျကျေးရွာများအဖြစ် လုပ်ဆောင်ပေးမည်ဖြစ်ပြီး ဘေးဒုက္ခသင့်သူများကိုလည်း အကူအညီပေးရာတွင် ဥပဒေအတိုင်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အစိုးရ၏ သဘောဆန္ဒအတိုင်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ ကျေးရွာနေသူများ၏ သဘောထားများလည်း လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

“တဲကုပ်ကလေးနဲ့နေရင် အဲဒီတဲထက်ပိုကောင်းရမယ်၊ မူလထက်ပိုကောင်းတဲ့အခြေအနေကို ဖန်တီးပေးရတဲ့အခါ တစ်ယောက်ချင်းကိုမကြည့်ဘဲ အကုန်လုံးကို ခြုံကြည့်ပြီးတော့ ပုံစံကျရွာတည်ဆောက်ပေးရတယ်”ဟု ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

ထိုသို့ တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ဘင်္ဂါလီများက ယခုအဖြေမပေးနိုင်သေးဘဲ ၎င်းတို့ဆွေးနွေးပြီးမှသာ ကျေးရွာတည်ဆောက်ပေးမှုအဖြေကို ပြန်ပေးမည်ဖြစ်ကြောင်း ဘင်္ဂါလီများက ဆိုသည်။ 

ဇန်နဝါရီလ ၂၃ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူများကို ပြန်လည်လက်ခံပြီး မောင်တောမြို့နယ် မြောက်ပိုင်း၌ ပြန်လည်နေရာချထားပေးရန် ၁၁ ခု သတ်မှတ်ထားကြောင်း၊ တောင်ပိုင်းတွင် နေရာချထားပေးရန်ရှိသော်လည်း နေရာအတိအကျကို လတ်တလောမပြောနိုင်သေးကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

ခိုင်မင်းညို