News

POST TYPE

LATEST NEWS POST

ကျောက်မဲ စစ်ရှောင်များအတွက် ရိက္ခာလို


လားရှိုး၊ ဇန်နဝါရီ ၁၅ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ စခန်းလေးခုနှင့် မိုင်းငေါ့မြို့နယ်ခွဲရှိ စခန်းတစ်ခုတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၁၂၀၀ ခန့်အတွက် စားနပ်ရိက္ခာ လိုအပ်ချက် ရှိနေသေးကြောင်း ကျောက်မဲမြို့ ကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ 

အဆိုပါ စစ်ရှောင်ဒုက္ခသည်များအတွက် လက်ရှိစားနပ်ရိက္ခာမှာ တစ်လကျော်စာ အသင့်ရှိနေသေးသော်လည်း လတ်တလောအခြေအနေတွင် နေရပ်သို့ပြန်ရန် မသေချာသေးသည့်အတွက် ယင်း ကာလကျော်လွန်သွားပါက စားနပ်ရိက္ခာ လိုအပ်ချက်ရှိနေမည်ဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသူ ကိုသားဇော်က ပြောကြားသည်။

“သူတို့တွေအနေနဲ့ နေရပ်ပြန်ကြဖို့ မလွယ်သေးဘူးလို့ ထင်မိတယ်။ ဒီတော့ စားနပ်ရိက္ခာအတွက် လိုအပ်ချက်က ရှိလာနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။

စစ်ရှောင် ဒုက္ခသည်များအတွက် ဆန်ရိက္ခာများကို ရှမ်းပြည်နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနအပါအဝင် ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ထောက်ပံ့လှူဒါန်းလျက်ရှိသည်။ 

ကျောက်မဲမြို့နယ်၊ မန်ခေါက် ကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူလေး ကျေးရွာအုပ်စုတို့ရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားများသည် တိုက်ပွဲများကြောင့် ကျောက်မဲမြို့ပေါ်ရှိ စစ်ရှောင်စခန်းများတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်မှစတင်ကာ လာရောက် ခိုလှုံနေခြင်းဖြစ်သည်။

“လတ်တလော တိုက်ခိုက်မှုမရှိပေမယ့် စောင့်ကြည့်နေချိန်ဖြစ်လို့ ဘယ်အချိန်ပစ်မယ်ဆိုတာ မသိနိုင်သလို ဘယ်အချိန်မှ ရွာကိုပြန်နိုင်မယ်ဆိုတာလည်း မသိနိုင်သေးဘူး”ဟု စစ်ရှောင်ဒေသခံ စိုင်းနောင့်က ပြောဆိုသည်။

စစ်ရှောင်ဒုက္ခသည်များ စတင်ရောက်ရှိချိန်က စားနပ်ရိက္ခာမရှိသည့်အတွက် ကော်မတီက စိုက်ထုတ်ကုန်ကျခံကာ ရိက္ခာကို ဝယ်ယူထားခဲ့ရကြောင်း၊ ကျောက်မဲမြို့ပေါ်ရှိ စခန်းလေးခုတွင် လူပေါင်းတစ်ထောင်ခန့်ရှိပြီး ကလေးငယ်ပေါင်း ၂၀၀ နှင့် ၃၀၀ အကြားရှိကာ အသက်အရွယ်ကြီးသူများလည်း ပါဝင်ကြောင်း၊ မိုင်းငေါ့စခန်းတွင် လူဦးရေ ၂၀၀ ခန့်ရှိနိုင်ကြောင်း ယင်းစခန်းတာဝန်ရှိသူများထံမှ သိရသည်။ 

R-07