News

POST TYPE

LATEST NEWS POST

“မသတီစရာမစင်တွင်းတိုင်းပြည်များ” ဆိုသော အသုံးအနှုန်းမျိုး မသုံးခဲ့ဟု ထရမ့်လှည့်ပတ်ငြင်းဆို
14-Jan-2018



ဝါရှင်တန်၊ ဇန်နဝါရီ ၁၂

မသတီစရာ“မစင်တွင်းတိုင်းပြည်များ (Shithole)” မှ ရွှေ့ပြောင်းအခြေချသူများကို လက်မခံသင့်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်မှာ လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းဖြစ်သည်ဟု ပြည်တွင်းနှင့်ကမ္ဘာတစ်ဝန်းမှ ဝေဖန်ခဲ့ကြပြီးနောက် ထရမ့်က လှည့်ပတ်ငြင်းဆိုခဲ့ကြောင်း Channel News Asia သတင်းဌာနက ဖော်ပြသည်။

လူဝင်မှုကြီးကြပ်ရေး မူဝါဒ ပြုပြင်ပြောင်းလဲရေးအတွက် အိမ်ဖြူတော်တွင် လွှတ်တော်အမတ်များနှင့် ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ် ထရမ့်က ယင်းသို့ရိုင်းစိုင်းသည့် ဗန်းစကားကို သုံးနှုန်းခဲ့သည်ဟု စွပ်စွဲခံရခြင်းဖြစ်သည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ထရမ့်က သူ့ထုံးစံအတိုင်း တွစ်တာမှ ပြန်လည်တုံ့ပြန်ခဲ့ရာတွင် ယင်းသို့သောအသုံးအနှုန်းမျိုး သူမသုံးခဲ့ဟု လှည့်ပတ်ငြင်းဆိုသွားခဲ့သည်။

“DACA အစည်းအဝေးမှာ ကျုပ်အသုံးအနှုန်းက ကြမ်းပါတယ်။ ဒါပေမဲ့ အဲဒီလိုအသုံးအနှုန်းတော့ မဟုတ်ခဲ့ဘူး”ဟု ထရမ့်က ဖြေရှင်းခဲ့သည်။

သို့သော်လည်း အစည်းအဝေးတက်ရောက်ခဲ့သည့် ဒီမိုကရက်တစ်ပါတီမှ အမတ် ဒစ်ခ်ဒါဘင်ကမူ ထရမ့်သည် ရုန့်ရင်းကြမ်းတမ်းပြီး လူမျိုးရေးခွဲခြားသော အသုံးအနှုန်းများသုံးခဲ့သည်ဟု ထပ်မံအတည်ပြုခဲ့သည်။

ရွှေ့ပြောင်းအခြေချသူများက ၎င်းတို့၏ မိသားစုဝင်များကို အမေရိကန်သို့ ခေါ်ယူခြင်းကိုကန့်သတ်ရန်၊ ဂရင်းကတ် ဗီဇာထီစနစ်ကို ကန့်သတ်ရန်၊ နယ်ခြားလုံခြုံရေးကို တိုးမြှင့်ရန်ဆိုသော ရီပတ်ဘလီကန်တို့ဘက်က လိုလားသည့်အချက်များနှင့် အပြန်အလှန်အနေနှင့် Dreamers များဟုခေါ်သော တရားမဝင် ရောက်ရှိနေထိုင်နေသော လူငယ်လူရွယ်များကို မူရင်းနိုင်ငံပြန်မပို့ဘဲ ဆက်လက်နေထိုင်ခွင့် ပြုရန်ဆိုသော ဒီမိုကရက်တို့ဘက်က လိုလားသောအချက်ကို အလဲအထပ်လုပ်ပြီး နှစ်ပါတီ သဘောတူညီချက်တစ်ခုရရန် အိမ်ဖြူတော်တွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အာဖရိကနိုင်ငံများ၊ ဟေတီနှင့်အယ်လ်ဆာဗေးဒိုး နိုင်ငံတို့မှ ရွှေ့ပြောင်းအခြေချသူများကို ကာကွယ်ပေးရန် ကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်အမတ်များက ဆွေးနွေးချိန်တွင် သမ္မတက အမေရိကန်အနေနှင့် မသတီစရာ မစင်တွင်းတိုင်းပြည်များမှ ရွှေ့ပြောင်းသူများကိုလက်ခံမည့်အစား ချမ်းသာပြီး လူဖြူများသည့် နော်ဝေကဲ့သို့သောနိုင်ငံများမှ ရွှေ့ပြောင်းလာသူများကိုသာ လက်ခံရေးအဘယ့်ကြောင့် မဆောင်ရွက်နိုင်ရပါသနည်းဟု ထပ်တလဲလဲ မေးခွန်းထုတ်ခဲ့သည်ဟုဆိုသည်။

“ဟေတီသားတွေ ထပ်လိုသေးလို့လား”ဟု ထရမ့်က မေးခွန်းထုတ်ခဲ့သည်ဟု ဒါဘင်က ပြောကြားခဲ့သည်။ ယင်းနောက်တွင် အာဖရိကမှ ရွှေ့ပြောင်းများအရေး ဆက်လက်ဆွေးနွေးကြရာ ထရမ့်က “မစင်တွင်းတိုင်းပြည်တွေ” ဆိုသောအသုံးအနှုန်းကို တစ်ခါမဟုတ်ဘဲ ထပ်တလဲလဲသုံးခဲ့သည်ဟု ဒါဘင်က အခိုင်အမာစွပ်စွဲခဲ့သည်။

ထရမ့်က တွစ်တာမှ ပြန်လည်ဖြေရှင်းချက်တွင်မူ အင်မတန်ဆင်းရဲပြီး အတိဒုက္ခရောက်နေသည့် ဟေတီပြည်သူများကို နှိမ်ချသည့်စကားမျိုး လုံးဝမပြောခဲ့ကြောင်း၊ ဒီမိုကရက်တို့က လုပ်ကြံလီဆယ်ခြင်းမျှသာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

ဇန်နဝါရီလ ၁၂ ရက်နေ့က လူ ၂ သိန်းကျော် သေဆုံးခဲ့သော ငလျင်ကြီးဒဏ်ခံခဲ့ရမှု ရှစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကျင်းပခဲ့သော ဟေတီအစိုးရကမူ ထရမ့်၏ လူမျိုးရေးခွဲခြားနှိမ်ချသော အသုံးအနှုန်းအတွက် ဒေါသထွက်ရသလို တုန်လှုပ်မိကြောင်း တရားဝင်တုံ့ပြန်ခဲ့သည်။

အဖွဲ့ဝင် ၅၅ နိုင်ငံပါ အာဖရိကသမဂ္ဂကလည်း ထရမ့်ဘက်က တရားဝင်တောင်းပန်ရန် တောင်းဆိုခဲ့ပြီး နာမည်တပ်အပြောခံရသည့် အယ်လ်ဆာဗေးဒိုး နိုင်ငံကလည်း လက်မခံနိုင်ဖွယ် ပြောဆိုမှုဟု ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။
   
F-03


  • VIA