News

POST TYPE

LATEST NEWS POST

ဗန်းမော် - လွယ်ဂျယ် လမ်းပိုင်း ၂ နှစ်အတွင်း အပြီးပြင်မည်
14-Jan-2018 tagged as ဗန်းမော်



ဗန်းမော်၊ ဇန်နဝါရီ ၁၃

ကချင်ပြည်နယ် ဗန်းမော်ခရိုင်ရှိ ၅၇ မိုင်ရှည်သော ဗန်းမော်-မိုးမောက်-ကျောက်စခန်း-လွယ်ဂျယ်လမ်းပိုင်း အဆင့်မြှင့်တင်မှုများကို ၂ နှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။ 

လတ်တလောတွင် ယင်းလမ်းပိုင်း၏ ပြုပြင်ထိန်းသိမ်းမှုများကို ဗန်းမော်ခရိုင် လမ်းဦးစီးဌာနမှ ယာယီ တာဝန်ယူဆောင်ရွက်နေကြောင်း၊ ယင်းအပြင် အဆိုပါလမ်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံအခြေစိုက် “ယင်းဂျန်းဟုန်းရှင်း” ကုမ္ပဏီမှ တိုင်းထွာခြင်း၊ ပုံထုတ်ခြင်းလုပ်ငန်းများကို လုပ်ဆောင်နေပြီး ကုမ္ပဏီက အစိုးရနှင့် စာချုပ်ချုပ်ပြီးပါက လမ်းဦးစီးဌာနအနေနှင့် လွှဲပြောင်းသွားမည်ဖြစ်ကြောင်း မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးငြိမ်းမောင်မောင်က ပြောသည်။ 

ဗန်းမော် - လွယ်ဂျယ်လမ်းမှာ ဗန်းမော်မြို့မှ အဓိက ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသွားလာရသော အရေးကြီး နယ်စပ်ကားလမ်းဖြစ်ပြီး ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်ပို့ဆောင်ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များအပါအဝင် ယာဉ်အစီးရေ ၁၀၀၀ ကျော် အသုံးပြုသည့် လမ်းဖြစ်ကြောင်း၊ ယင်းကြောင့် ရာသီမရွေးသွားလာနိုင်ရန် အဆင့်မြင့်ကတ္တရာလမ်း ဖောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိကို အမျိုးသားလွှတ်တော်တွင် မေးမြန်းခဲ့ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်က ပြောသည်။

အဆိုပါ လမ်းပိုင်းကို ၂၀၁၅ ခုနှစ် အောက်တိုဘာလက BOT စနစ်ဖြင့် လမ်းအဆင့်မြှင့်ခြင်း လုပ်ကိုင်ရန် မြောက်ပိုင်း တော်ဝင်ကျောက်စိမ်းကုမ္ပဏီနှင့် အစိုးရတို့ စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ ယင်းနောက် လမ်းပိုင်းအဆင့်မြှင့်ခြင်းကို ၃ နှစ်အတွင်း အပြီးမဆောင်ရွက်နိုင်သဖြင့် လုပ်ကိုင်ခွင့်ရုပ်သိမ်းခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အမျိုးသားလွှတ်တော်တွင် ဖြေကြားခဲ့သည်။ 

ဗန်းမော် - လွယ်ဂျယ်လမ်းမှာ လမ်းမကောင်းသဖြင့် ကား ၁၀ စီးခန့် ချောက်ထဲကျ တိမ်းမှောက်ကြောင်း၊ ယခုလတွင် ဆန်တင်လာသော ၁၀ ဘီးကားချောက်ထဲကျခဲ့ကြောင်း ယင်းလမ်းသို့ သွားလာနေသော ဒေသခံကုန်သည် ဦးဂမ်အောင်က ပြောသည်။ 

အဆိုပါ လမ်းပိုင်းတွင် BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ရသော မြောက်ပိုင်းတော်ဝင်ကျောက်စိမ်းကုမ္ပဏီထံမှ ၂၀၁၇ ခုနှစ် ဩဂုတ်လက ပြန်လည်သိမ်းယူခဲ့ပြီး လမ်းပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ဗန်းမော်ခရိုင် လမ်းဦးစီးဌာနမှ တာဝန်ယူလုပ်ဆောင်နေကြောင်း မိုးမောက်မြို့လမ်းဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာ ဦးဘရန်ရှောင်က ပြောသည်။

R-14